ဇန်နာဝါရီလ ၁၁ ရက် ။ ။ ရန်ကုန်မြို့ အများပိုင်ဘတ်စ်ကား ဝန်ဆောင်မှု အစီအစဉ် ပထမအဆင့်ကို အသစ်တင်သွင်းထားသောကားများဖြင့် ဇန်နာဝါရီလ နောက်ဆုံးရက်ပတ်တွင် စတင်နိုင်မည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။
အစု ရှယ်ယာရှင် ၅၀၀ ကျော်က ကျပ်ငွေ တစ်ဘီလီယံဖိုးကို အများပိုင်ဘတ်စ်ကားကုမ္ပဏီထံမှ ဝယ်ယူထားကြပြီး BRT စနစ်ဖြင့် ပြေးဆွဲမည်ဟု GNLM က အများပိုင်ဘတ်စ်ကား ကုမ္ပဏီဖွဲ့စည်းရေး ဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာမောင်အောင် အားကိုးကားဖော်ပြသည်။
ပြေးဆွဲသွားမည့်ကားများကို တရုတ်၊ ကိုရီးယားနှင့် ဆွီဒင်နိုင်ငံတို့တင်သွင်းထားခြင်းဖြစ်ပြီး ကားတင်သွင်းမှုလုပ်ငန်း နှောင့်နှေးနေသဖြင့် မူလမျှော်မှန်းထားသည့် ကား ၆၅ စီးဖြင့် ပြေးဆွဲမည့်အစီအစဉ်မှာမူ မသေချာသေးဘဲဖြစ်နေသည်။
ရန်ကုန်မြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းအား ဆက်သွယ်ထားသည့် အဓိကယာဉ်သွားလမ်းများပေါ်တွင် ပြေးဆွဲသွားမည်ဟုလည်း သိရသည်။
အစိုးရအဖွဲ့က ရှယ်ယာအားလုံး၏ ၄၀ ရာခိုင်နှုန်းပါဝင်မည်ဖြစ်ပြီး အများပြည်သူများအတွက် ၆၀ ရာခိုင်နှုန်းဖြစ်သည်။ စီမံကိန်းကို အဆင့်များခွဲထားပြီး ပထမအဆင့်တွင် ကျပ်ငွေ ၂၅ ဘီလီယံ (ကန်ဒေါ်လာ ၁၉ သန်းခွဲခန့်) မြှုပ်နှံ သွားမည်ဖြစ်ပြီး ပထမအဆင့်အတွက် အစိုးရက ကျပ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၈ သန့်ခန့်) ထည့်ဝင်မည်ဖြစ်သည်။
Ref; GNLM