အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် အီးယူနိုင်ငံခြားရေးရာ အကြီးအကဲတို့ မြန်မာ့အရေး ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် အီးယူနိုင်ငံခြားရေးရာ အကြီးအကဲတို့ မြန်မာ့အရေး ဆွေးနွေး

ဇန်နဝါရီ ၁၈

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ နှင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာ အကြီးအကဲ ဂျိုးဆက်ပ် ဘော်ရဲလ် တို့သည် ဇန်နဝါရီ ၁၇ ရက်က မြန်မာ့အရေးနှင့် အာဖဂန်နစ္စတန် အရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"အီးယူရဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ပ် ဘော်ရဲလ် နဲ့ နွေးနွေးထွေးထွေး ဆွေးနွေးပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်၊ ဒီနှစ်ထဲမှာ ကျွန်တော်တို့အကြား ပထမဆုံး ဆွေးနွေးမှုလည်း ဖြစ်ပါတယ်၊ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု၊ ဆက်သွယ် ချိတ်ဆက်မှု၊ ရာသီဥတု ဆိုင်ရာ ကိုင်တွယ်လုပ်ဆောင်မှု နဲ့ အိန္ဒိယ-အီးယူအကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်" ဟု ဂျိုင်ရှန်ကာက အီးယူအရာရှိနှင့် တွေ့ဆုံပြီးနောက် တွစ်တာတွင် ရေးသည်။

"နောက်ပြီး အထူးသဖြင့် အာဖဂန်နစ္စတန်နဲ့ မြန်မာ လိုမျိုး အရေးကိစ္စတွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ဟန်ဂေရီ နှင့် ဆွီဒင် တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required