စစ်တပ်က ဖယ်ရှားနေသည့် မန္တလေး ကျူးနေအိမ်များတွင် နှစ် ၅၀ ကျော် နေခဲ့ကြသည့် အိမ်များပါဝင်

စစ်တပ်က ဖယ်ရှားနေသည့် မန္တလေး ကျူးနေအိမ်များတွင် နှစ် ၅၀ ကျော် နေခဲ့ကြသည့် အိမ်များပါဝင်

ဇန်နဝါရီ ၁၇

စစ်ကောင်စီက မန္တလေး ကျူးကျော် နေအိမ်များကို ဖယ်ရှား ရှင်းလင်းရာတွင် အဆိုပါနေရာ၌ နှစ်ပေါင်း ငါးဆယ်ကျော် နေထိုင်ခဲ့ကြသူများ၏ အိမ်များလည်း ပါဝင်သွားကြောင်း ယင်းနေရာအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

“နှစ်ပေါင်း ဆယ်နဲ့ချီပြီး နေထိုင်ခဲ့ကြတာပါ။ အနည်းဆုံး နှစ်လေးငါးဆယ်လောက် ရှိနေပြီ။ စည်ပင်က ချပေးတဲ့ အိမ်နံပါတ်ရှိတယ်။ ဘယ်ခေတ် ဘယ်အခါတုန်းကမှ ဖယ်မပေးခဲ့ရတဲ့ အိမ်တွေကို မင်းအောင်လှိုင်ခေတ်မှာ ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ခိုင်းနေတယ်” ဟု အမရပူရမြို့နယ် အမရပူရဘူတာ အနီးရပ်ကွက် နေထိုင်သူ တစ်ဦးက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေ၊ အစိုးရ ဌာနဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင် မြေနေရာများတွင် ကျူးကျော် နေထိုင်သူများအား ဇန်နဝါရီလအတွင်း နောက်ဆုံး ဖယ်ရှား ပေးရမည့် ရက်များကို စစ်ကောင်စီက သတ်မှတ်ပြီး ဖယ်ရှားရှင်းလင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

“အမှန်တစ်ကယ် ကျူးတွေလည်း ရှိတယ်။ ကျွန်တော်တို့ကျတော့ မြေခွန် အိမ်ခွန် လစဉ်ပေးပြီး တရား၀င် အိမ်နံပါတ်နဲ့ နှစ်ပေါင်းငါးဆယ်ကျော် နေလာခဲ့တာပါ။ဒါကိုမှ ရထားလမ်းနဲ့ ပေ ငါးဆယ် မလွတ်လို့ ဆိုပြီး ဖယ်ခိုင်းတဲ့စာ ပို့တယ်။ ကျွန်တော်တို့ ကျူးမဟုတ်ဘူးခင်ဗျ။ ထိုက်သင့်တဲ့ ငွေကြေးနဲ့ ၀ယ်နေခဲ့ကြသူတွေပါ။ အခိုင်အမာ အိမ်တွေ ဆောက်ပြီး နေလာတာ နှစ်ပေါင်းလည်း ကြာနေပါပြီ” ဟု အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက် နေထိုင်သူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ကျူးကျော် နေအိမ်များကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စ၍ စစ်တပ် လက်နက်ကိုင်များ အကူအညီဖြင့် စက်ယန္တရားများ အသုံးပြုကာ ဖယ်ရှား ရှင်းလင်းလျက် ရှိသည်။

“စည်ပင်နဲ့ ရထားမှာပဲ အဓိက တာ၀န်ရှိတာဗျ။ ခေတ်အဆက်ဆက် ရပ်ကွက် လူကြီးတွေနဲ့ ပေါင်းပြီး စားလာတာ။ အခုလိုတွေ ဖြစ်ကုန်တဲ့ အထိပဲ။ အခု စစ်တပ် အာဏာသိမ်းပြီး ကျူးရှင်းလင်းရေး လုပ်ချိန်ကျမှ သူတို့ မသိတဲ့ ပုံစံမျိုး လုပ်နေကြတာ။ အထူးသဖြင့် မန္တလေး ကျူးကိစ္စက မန္တလေး စည်ပင်မှာ တာ၀န်ရှိတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက မှတ်ချက်ပြုသည်။

ပုံစာ- မန္တလေး မီးရထားလမ်းအနီး နေအိမ်များကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းခဲ့သေးသည်။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly