မြောက်ဥက္ကလာမှာ အိမ်ရှင်၊ အိမ်ဌားစာချုပ်ချုပ်ဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို လက်ဖက်ရည်ဖိုး ငွေ ၅၀၀၀ ပေးနေရ

မြောက်ဥက္ကလာမှာ အိမ်ရှင်၊ အိမ်ဌားစာချုပ်ချုပ်ဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို လက်ဖက်ရည်ဖိုး ငွေ ၅၀၀၀ ပေးနေရ

ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ( ဌ ) ရပ်ကွက် စိုက်ပျိုးရေး ဥယျာဉ်ခြံအတွင်းက နေအိမ်တွေမှာ ဌားရမ်းနေထိုင်ဖို့အတွက် အိမ်ရှင်၊ အိမ်ဌားစာချုပ်ချုပ်တဲ့အခါ ဆယ်အိမ်မှူး၊ ရာအိမ်မှူး‌ တွေကိုလက်ဖက်ရည်ဖိုးဆိုပြီး ငွေကျပ် ၅၀၀၀ ပေးနေရပါတယ်။

ကျွန်တော်တို့ မနေ့က အခန်းဌားတော့ ခြောက်လစာချုပ် ချုပ်ကြရပါတယ်။ အဲဒါ အခန်းပိုင်ရှင်ကရာအိမ်မှူးကို ခေါ်ပြီးတော့ စာချုပ်မှာ လက်မှတ်ရေးထိုး‌စေပါတယ်။ ပြီးတော့ လက်မှတ်ထိုးခ လက်ဖက်ရည်ဖိုး ငွေကျပ် ၅၀၀၀လောက် ပေးလိုက်ပါပြောလို့ ပေးလိုက်ရတယ်။ တကယ်ဆိုရင် ဒါကအိမ်ရှင်က ပေးရမှာလေ။ တစ်ခန်းကို ၅ထောင်ဆိုရင် ၁၂ ခန်းရှိတယ်။ သူ ကျပ်ခြောက်သောင်းလောက် လက်မှတ်ထိုးခ ရသွားတာပါ။

စိုက်ပျိုးရေး ခြံအတွင်းမှာဆို အိမ်ဌားနေထိုင်တဲ့သူအများဆုံးရှိပါတယ်။ ဌားတဲ့အခန်းတွေက လိုင်းခန်းအတွဲလိုက်တွေ ဖြစ်ပါတယ်။ အတွဲလိုက် လိုင်းခန်းတွေက အပေါ်ထပ် ၊အောက်ထပ် အခန်းဖွဲ့ဌားကြတာ၊ အောက်ထပ်ကို တစ်ခန်း တစ်သိန်း နှစ်သောင်းနဲ့ အပေါ်ထပ်ဆိုရင် တစ်သိန်းကိုးသောင်းအထိအခန်း ဌားရမ်းခ ပေါက်ဈေးရှိပါတယ်။ တချို့ချောင်ကျတဲ့ ရှစ်ပေပတ်လည်အခန်း တွေက ငါးသောင်းကျပ်နှင့် ဌားရမ်းနေထိုင်ကြရတာပါ။

( ဌ ) ရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေး ဥယျာဉ်ခြံက အရင်က ဘိုးဘွားပိုင်မြေဖြစ်ပါတယ်။ ဥယျာဉ်စိုက်ခင်းမြေနေရာပါ။ ခြံလည်း ကျယ်ပါတယ်။ အခုအခါမှာတော့ အဲ့ဒီဥယျာဉ်ခြံမြေနေရာတွေကို အကွက်ရိုက်ရောင်းချတာ၊ လူနေအိမ် လိုင်းခန်းတွေတည်ဆောက်ပြီး ဌားရမ်းခြင်းတွေကို လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။

ဒီလို မြောက်ဥက္ကလာပ မြို့နယ်အတွင်းမှာ ရပ်ကွက်တချို့က အိမ်ရှင်၊ အိမ်ဌား စာချုပ် ချုပ်တဲ့အခါမှာဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို လက်ဖက်ရည်ဖိုးတွေပေးနေရတဲ့အကြောင်း မဇ္ဈိမက အယ်ဒီတာ့ထံပေးစာကတစ်ဆင့် အများပြည်သူသိနိုင်စေဖို့ ပေးပို့လိုက်ရပါတယ်။

ပြည်သူတစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly