မန္တလေးအိုးဘိုထောင်အနီးရှိ အကျဉ်းဦးစီးသင်တန်းကျောင်း ဗုံးပစ်ခံရ၍ ဂိတ်အစောင့်စစ်သား ၃ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးအိုးဘိုထောင်အနီးရှိ အကျဉ်းဦးစီးသင်တန်းကျောင်း ဗုံးပစ်ခံရ၍ ဂိတ်အစောင့်စစ်သား ၃ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၁၇

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုထောင်အနီးရှိ အကျဉ်းဦးစီးသင်တန်းကျောင်း ယမန်နေ့ညက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ဂိတ်အစောင့်စစ်ကောင်စီ တပ်ဖွဲ့၀င်သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ထောင်ကို ဗုံးနဲ့ပစ်တာလို့ပြန်သိရတယ်။ ဗုံးပေါက်ကွဲတာက အကျဉ်းဦးစီး အ၀င်ပေါက်မှာ ပေါက်တာ၊ အဲဒီမှာအစောင့်တွေရှိတယ်။ အဲဒီအစောင့်တွေနားမှာ ပေါက်တာ” ဟု ထောင်အနီးရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်အတွင်းရှိ မန္တလေးအိုးဘိုထောင်(ဗဟိုအကျဉ်းထောင်)အနီး အကျဉ်းဦးစီးဌာနလက်အောက်ခံ အကျဉ်းဦးစီးသင်တန်းကျောင်းအ၀င်ပေါက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပေါက်ကွဲသံနှစ်ချက်ကြားပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များဘက်က ဆက်တိုက်ပြန်ပစ်သံများလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရ စစ်ကောင်စီလက်နက်ကိုင်သုံးဦးတွင် ဒုအရာခံဗိုလ်တစ်ဦးပါ၀င်ကြောင်းလည်း စစ်ကောင်စီရဲတပ်ဖွဲ့နှင့် နီးစပ်သည့်သတင်း ဖော်ပြချက်များအရ သိရသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကပြုလုပ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly