ရေဦးမြို့နယ်တွင် သေဆုံးခဲ့သည့် စစ်သားအလောင်းများကို သုံးရက်ကြာမှ စစ်ကောင်စီ လာသယ်

ရေဦးမြို့နယ်တွင် သေဆုံးခဲ့သည့် စစ်သားအလောင်းများကို သုံးရက်ကြာမှ စစ်ကောင်စီ လာသယ်

ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်သား အလောင်းများကို သုံးရက်ကြာမှ စစ်တပ်က လာရောက် သယ်ယူကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ရေဦးမြို့နယ် ချမ်းသာရွာနှင့် မရိုးကုန်းရွာကြား၌ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး အဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း သေဆုံးခဲ့သူများနှင့် ဒဏ်ရာ ရသူများကို ဇန်နဝါရီ ၁၄ ရက်ရောက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ ပြောက်ကျား တပ်ဖွဲ့ဖြစ်သည့် ဝေဟင်စွန်ရဲ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒဏ်ရာ ရသူများထဲတွင် ရာထူးကြီးပိုင်း တစ်ဦး ပါဝင်ပြီး ၎င်းကို ရေဦးမြို့နယ်အတွင်း ရွာမိသာ ကျေးရွာ၌ ဆေးကုသကာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဇန်နဝါရီ ၁၂ ရက်နေ့မှာ ချမ်းသာကျေးရွာကနေ ညီနောင်ကျေးရွာသို့ ထွက်ခွာလာတယ်ဗျ။ ညီနောင် ကျေးရွာကနေ ညတွင်းချင်း ၉ နာရီ အချိန်မှာ ချမ်းသာ မရိုးကုန်း ကျေးရွာဘက်ကို တစ်ခေါက် ပြန်ဝင်လာတယ်ဗျ။ သူတို့ ဦးတည်ထွက်သွားတဲ့ သတင်းရရခြင်း သူတို့ရှေ့ကိုရောက်အောင်ချီတက်ပြီး ချမ်းသာရွာနဲ့ မရိုးကုန်းရွာကြားမှာ ရှေ့ထွက်မိုင်း ခင်းလိုက်တယ်။ ကျွန်တော်တို့က သေနတ်နဲ့ လှမ်းပစ်ပြီး ပွိုင့်ဘက်ကို မျှားခေါ်တာ။ ၁၀ ယောက်လောက် တက်လာတယ်။ အဲ့ချိန်မှာ ဆွဲလိုက်တာ"ဟု မိုင်းဆွဲခဲ့သည့် ဖြစ်စဉ်ကို ဝေဟင်စွန်ရဲ အဖွဲ့ဝင်က ရှင်းပြသည်။

ရေဦးမြို့နယ် ချမ်းသာရွာကို စစ်ကောင်စီက အင်အား ၁၂၀ ခန့် ဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ ဖျက်စီးကာ စိတ်မနှံ့သူ တစ်ဦးနှင့် အခြားတစ်ဦးတို့ကို သတ်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly