တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၄ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဆို

တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၄ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဆို

ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ (၁၂) နန့်ဖာလုံ ရပ်ကွက်ရှိ ကားလေးဝင်း အကျော် ကံကြီးဝ တံတား အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီကျော်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိ သွားကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

“ကျွန်တော်တို့ ကြိုတင် သတင်းရထားတဲ့ အတွက် စစ်ကောင်စီရဲ့ ကင်းထောက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ဖြတ်တိုက် ခဲ့တာပါ” ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တမူးမြို့ ကားလေးဝင်း ဖွင့်ပွဲကို လာရောက်မည့် လူကြီးခရီးစဉ် လုံခြုံရေးယူရန် နန့်ဖာလုံဘက်အထိ နယ်မြေ ရှင်းလင်းရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက် ခံရခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ပဒေသာမိုင်း လေးလုံး ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ရှိခဲ့ကာ ပူးပေါင်း တိုက်ခိုက်ခဲ့သည့် ကျောင်းသားတပ်ခွဲ (BSO) နှင့် တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

တမူးမြို့ လုံခြုံရေးအဖွဲ့ (Tamu Security Group) မှ တမူးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁) ၊ (၂) နှင့် (၃) များ ဖွဲ့စည်း လှုပ်ရှားခဲ့ပြီး ယခုအချိန်တွင် လူအင်အား လက်နက်အင်အား တိုးပွားလာသဖြင့် တပ်ရင်း (၄) ကို ထပ်မံ ဖွဲ့စည်းထားသည်။

တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄) သည် တမူးမြို့နယ် လုံခြုံရေး ၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တို့အတွက် အစွမ်းကုန် တိုက်ပွဲ ဝင်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly