မြောင်မြို့နယ် လက်ယက်မရွာတွင် စစ်ကောင်စီ တပ်စွဲနေ၍ ဒေသခံများတိမ်းရှောင် နေရ 

မြောင်မြို့နယ် လက်ယက်မရွာတွင် စစ်ကောင်စီ တပ်စွဲနေ၍ ဒေသခံများတိမ်းရှောင် နေရ 
ပုံစာ-မြောင်မြို့နယ်အတွင်းရှိစစ်ရှောင်ပြည်သူများ။ ပုံဟောင်းဖြစ်သည်။ (ဓာတ်ပုံ- MSPDF)

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ လက်ယက်မကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေ၍ ဒေသခံများ တိမ်းရှောင် နေကြရကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ခြေလျင် စစ်ကြောင်းဖြင့် ဝင်ရောက်လာပြီး လက်ယက်မ ကျေးရွာ ထိပ်ရှိ ဘုရားကုန်း (ဘုရားတည် ထားသည့် ကျောက်ကုန်း) ၌ တပ်စွဲနေခြင်းဖြစ်သည်။ 

ထိုသို့ တပ်စွဲနေခြင်းကြောင့် ရွာသူ ရွာသားများက နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင် နေကြပြီး သက်ကြီး ရွယ်အိုများနှင့် ဒေသခံ တချို့သာ ကျေးရွာအတွင်း ကျန်ရှိတော့ကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

“ရွာထိပ်က ဘုရားကုန်းမှာ သူတို့က တပ်စွဲလိုက်တယ်။ အဲ့ဒီတော့ ရွာထဲ ဝင်မှာပဲ ဆိုပြီး ပြေးနေကြတာ။ စောစောက ရွာရဲ့ အတွင်းထဲမှာ ရှိတဲ့သူကို အဆက်အသွယ် ရတဲ့အခါတော့ စောင်တွေ လိုက်ရှာနေတယ် ကြားတယ်။ အဲ့ဒီမှာ ညအိပ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့” ဟု ထိုဒေသခံက ပြောပြသည်။ 

လတ်တလော အချိန်ထိ လက်ယက်မ ကျေးရွာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ သို့သော် ထိုစစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာ၌ တပ်စွဲထားဆဲ ဖြစ်သောကြောင့် ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေဆဲ ဖြစ်သည်။ 

"ရွာသားတွေ ကတော့ နီးစပ်ရာ ရွာတွေမှာ ကပ်နေရတယ်။ ဘုန်းကြီးကျောင်းတွေ၊ အတန်းကျောင်းတွေ မှာပေါ့။ စားဝတ်နေရေးကတော့ နီးရာကနေ ဒီလိုပဲ ကူညီကြရတာပေါ့” ဟု ၎င်းက ပြောသည်။ 

မြောင်မြို့နယ်ရှိ နဘက်ကျေးရွာကိုလည်း   အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး နေအိမ် ခြောက်လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ဆွဲလဲအို ကျေးရွာရှိ နေအိမ် ၁၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required