တန့်ဆည်မြို့နယ် ပုတီးရွာကို စစ်တပ်က မီးတင်ရှို့နေ

တန့်ဆည်မြို့နယ် ပုတီးရွာကို စစ်တပ်က မီးတင်ရှို့နေ

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပုတီးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီကျော်တွင် တန့်ဆည်မြို့ မြောက်ဘက် ၁၀ မိုင်အကွာတွင်ရှိသည့် ပုတီးရွာအတွင်း ဝင်ရောက်ကာ ရွာအလယ်ပိုင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

"တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သူတို့ စစ်ကြောင်းထိုးလာတာနဲ့ ထွက်ပြေးကြတာ၊ စစ်ကောင်စီတပ်တွေ ဝင်လာပြီး မီးရှို့နေတာ ၊ အလယ်ပိုင်းကို ၊ ကျွန်တော်ကတော့ ထွက်ပြေးလာတော့ အဝေးကဘဲ လှမ်းမြင်ရတယ်။ ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေကလည်း လှမ်းပြောတယ်" ဟု ဒေသခံက ပြောသည်။

ပုတီးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ရွာကြီးဖြစ်ပြီး စစ်ကောင်စီတပ်များ သုံးကြိမ်မြောက် ရွာတွင်း ဝင်ရောက်လာခြင်းဖြစ်ကာ ဒေသခံ အများစု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ပြည်သူအချို့ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်ဟု သိရသည်။

ပုတီးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ပထမအကြိမ် ဝင်ရောက်ကာ နေအိမ် အလုံး ၃၀ ခန့်ကို ဖျက်ဆီးခဲ့ပြီး ဒုတိယအကြိမ်တွင် နေအိမ်သုံးလုံး ဖျက်ဆီးခံခဲ့ရကာ လက်ရှိ တတိယအကြိမ် မီးရှို့ ဖျက်ဆီးခံရမှု အခြေအနေကိုမူ အသေးစိတ် မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required