ပေကျင်း၊ ဇန်နဝါရီ ၁၀ ။ ။ တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ဆရာဝန်တစ်ချို့နှင့် လူနာတစ်ဦး ဆေးရုံတွင်း၌ပင် ရှိနေစဉ် လူတစ်စုက ဆေးရုံအား လာရောက်ဖြိုချမှု ဖြစ်ပွားသည်။ ယင်းသို့ ဖြိုချခြင်းကြောင့် ဆေးရုံရှိ ရင်ခွဲရုံက အလောင်းများ ပြိုကျအုတ်ပုံများအောက်ရောက်သွားခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟူနန်ပြည်နယ် ဟွီကျိခရိုင်တွင်းရှိ ကျန်ကျို့တက္ကသိုလ်ဆေးရုံတွင် ဇန်နဝါရီ ၇ ရက်က စစ်ယူနီဖောင်းများ ဝတ်ဆင်ထားကြသည့် လူ ၂၀ ခန့်က လာရောက်ဖြိုချခြင်းဖြစ်ကြောင်း စီစီတီဗီသတင်း ဖော်ပြသည်။
"ကျွန်တော်က ဓာတ်မှန်စက်မှာ အလုပ်လုပ်နေတာပါ။ ဆေးရုံကို ဖြိုချနေကြတဲ့ အသံတွေကို ကြောက်စရာကောင်းလောက်အောင်ကို ကြားရပါတယ်။"ဟု ဆေးရုံဓာတ်ရောင်ခြည်ဌာနမှူး လွီချန်ကျန်းက ပြောသည်။
"ကျွန်တော်ရဲ့ လူနာက ကျွန်တော်ဘေးမှာ ထိုင်နေတယ်။ သူက ငလျင်လှုပ်နေပြီဆိုပြီး ကြောက်လန့်တကြား အော်ပြီး ထတောင် ထွက်ပြေးသွားတယ်။"ဟု လွီက ပြောပြီး ယင်းအချိန်က ဆေးရုံအတွင်း၌ ဆရာဝန်တစ်ချို့နှင့် လူနာတစ်ဦး ရှိနေခဲ့ကြောင်း ဖြည့်စွက်ပြောခဲ့သည်။
စီစီတီဗီတွင် ဆေးရုံ မျက်နှာကြက်များ ပြိုကျနေပုံ၊ နံရံများ အပေါက်ဖြစ်နေပုံ၊ အုတ်ပုံများ ပြန့်ကျဲရှိနေပုံတို့ကိုလည်း ပြသခဲ့သည်။
ဆေးရုံရင်ခွင်ရုံက လုံးလုံးဖျက်စီးခံရပြီး အလောင်းခြောက်လောင်းမှာ အုတ်ကျိုးအုတ်ပျက်များအောက်ရောက်သွားကြောင်း ဒေသတွင်း ဒါဟီပေါင်သတင်းစာက ဖော်ပြပြီး ဖျက်ဆီးခံရခြင်းကြောင့် ဆေးဝါးပစ္စည်းကိရိယာ ယွမ် ၄ သန်း(ဘတ်ငွေ ၂၂ သန်း)ဖိုး ဆုံးရှုံးကြောင်း ဆိုသည်။
ဆေးရုံသို့ လာရောက်ဖြိုချသူများနှင့် ဆေးရုံအလုပ်သမားတို့ကြား အချင်းများကြရာ ဆေးရုံအလုပ်သမား သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း စီစီတီဗီသတင်းတွင် ဖော်ပြသည်။
ဟွီကျိခရိုင်အုပ်ချုပ်ရေးအာဏာပိုင်များက ဖြစ်ရပ်ဖြစ်စဉ်ကို စုံစမ်းမှုများ ပြုလုပ်နေကြောင်း၊ ရလဒ်အဖြေက ဇန်နဝါရီ ၁၁ ရက် အတွင်း ကြေညာနိုင်ဦးမည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ဆေးရုံကို လာရောက်ဖြိုချသူများမှာ မည်သူမည်ဝါများဖြစ်ကြကြောင်းကို ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်းလည်း ဇန်နဝါရီ ၈ ရက်၌ အာဏာပိုင်များက ပြောကြားထားသည်။ အုတ်ကျိုးပုံများအောက် ရောက်နေသည့် အလောင်းများကိုမူ ဖယ်ရှားပြန်ဖော်ယူရသေးခြင်း မရှိသေးပေ။
"ဆေးရုံနားမှာ လုပ်ဆောင်နေတဲ့ လမ်းဖောက်လုပ်မှုလုပ်ငန်းက ဆေးရုံကို ဖြိုချဖို့ အမိန့် ပေးခဲ့တာဖြစ်နိုင်တယ်။"ဟု အွန်လိုင်းဖိုရမ်တစ်ခုတွင် လူတစ်ဦးက ဆိုသည်။
တရုတ်နိုင်ငံတွင် နေရာအဆောက်အအုံများကို အတင်းအဓမ္မဖြိုချဖယ်ရှားခြင်းများက မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည်။