ကာဇက်စတန်တွင် မတည်ငြိမ်မှုကို ဖြစ်စေသော ပြင်ပအင်အားစုများကို တရုတ် ကန့်ကွက်

ကာဇက်စတန်တွင် မတည်ငြိမ်မှုကို ဖြစ်စေသော ပြင်ပအင်အားစုများကို တရုတ် ကန့်ကွက်

ကာဇက်စတန်တွင် မငြိမ်မသက်ဖြစ်စေသော ပြင်ပအင်အားစုများကို ကန့်ကွက်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

"ကာဇက်စတန်မှာ ရောင်စုံတော်လှန်ရေးကို လှုံ့ဆော်တဲ့ ပြင်ပအင်အားစုတွေကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" ဟု ရှီက ကာဇက်စတန်သမ္မတ ဂျိုမာ တိုကာယက်ဗ်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားခဲ့ကြောင်း Sputnik က ကိုးကားဖော်ပြခဲ့သည်။

နိုင်ငံနှင့် ပြည်သူအတွက် နိုင်ငံခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ပြသခဲ့ပြီး အရေးကြီးသည့် အချိန်၌ ခိုင်မာ ထိရောက်သော အစီအမံများကို လုပ်ဆောင်ကာ အခြေအနေကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သည့်အတွက် ရှီက တိုကာယက်ဗ်ကို အလေးထားချီးကျူးခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

ကာဇက်စတန်၏ လက်ရှိအခက်အခဲများကို ကျော်လွှားရန် လိုအပ်သည့် အကူအညီပေးမည်ဟု တရုတ်က ကမ်းလှမ်းကြောင်း ရှီက ပြောကြားခဲ့ပြီး မည်သည့် စိန်ခေါ်မှုအန္တရယ်နှင့် ရင်ဆိုင်ရစေကာမူ တရုတ် အစိုးရသည် ကာဇက်စတန်၏ ယုံကြည်ထိုက်သော အမြဲတမ်းမိတ်ဆွေကောင်းနှင့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကာဇက်စတန်တွင် ရေနံဓာတ်ငွေ့ရည်ဈေးတက်နေခြင်းကို ကန့်ကွက်သည့်အနေဖြင့် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ပြီး ဗဟိုအာရှနိုင်ငံ၏ အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးသည့် ကြီးမားသော ဆန္ဒပြပွဲများကို မြင်တွေ့ရချိန်တွင် ယင်းပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကာဇက်စတန်နိုင်ငံတစ်ဝန်းတွင် ရက်အတန်ကြာဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း လူပေါင်း ၃၈၁၁ ဦးကို ကာဇက် စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ ကာဇက်စတန်မီဒီယာများတွင် ဖော်ပြခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ ဇန်နဝါရီလ ၅ရက်တွင် ဆူပူမှုအဖြစ်သို့ ပြောင်းလဲသွားပြီး သေဆုံးသူ၂၆ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ဆေးရုံပို့ဆောင်ခဲ့ရသူ နောက်ထပ် ၅၆ ဦးအနက် ၂၅ ဦးကို အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိခဲ့သည်။ ကာဇက်ခ်သမ္မတ တိုကာယက်ဗ်က ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း မိသားစုဝင်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly