မုံရွာ ဗုံးကွဲမှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး 

မုံရွာ ဗုံးကွဲမှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး 

ဇန်နဝါရီလ ၁၁ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တမာတန်းမီးပွိုင့်၌ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၁ရက်တွင်  ထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့က ပါဆယ်ထုတ်နဲ့ ဗုံးထောင်တာကို CCTV က မြင်ပြီး အိမ်စီးကားနဲ့ လာပြီး ဗုံးနားကပ် စပ်စုနေတုန်း အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်” ဟု  Monywa Nightking အဖွဲ့ဝင်တစ်ဦးက ပြောသည်။  

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများထဲတွင်  နယ်ပြောင်းလာသည့် ဒုရဲအုပ် တစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။ 

ထိုဖောက်ခွဲမှုတွင် အပြစ်မဲ့ကလေးငယ် တစ်ဦးလည်း ထိခိုက်မှု ရှိခဲ့သည့်အတွက် လွန်စွာ စိတ်မကောင်း ဖြစ်မိကြောင်းနှင့် ဆက်လက် စုံစမ်း အတည်ပြုချက်များအရ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု သိရကြောင်း Monywa Nightking အဖွဲ့ဝင်က ပြောသည်။  

ထိုနေ့က မုံရွာမြို့ ရန်ကင်းမီးပွိုင့်တွင်လည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်ထိန်းရဲ  တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

ဖောက်ခွဲတိုက်ခိုက်မှုအား Monywa The Boys ၊ ACF Monywa ၊ Red Cod Revolution ၊ Monywa Phoenix Warrior ၊ Monywa Ninja နှင့် Monywa Nightking မဟာမိတ် များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။ 

ထိုနေ့တွင် မုံရွာမြို့ ကားလေးကွင်းမီးပွိုင့်  ဘိုးဘွာရိပ်သာ အဝိုင်းပတ် အနီးတွင် ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသော်လည်း လုံခြုံရေးအရ ထိခိုက် ကျဆုံးမှုများ မသိရှိနိုင်သေးဟု ဆိုသည်။ 

ပြည်သူလူထုအား မထိခိုက်စေရန် အတတ်နိုင်ဆုံး ကြိုးစား၍ စစ်ဆင်ရေးများ အကောင်အထည် ဖော်နေသည့်အတွက် စစ်ကောင်စီကားများ သွားလာသည်အချိန်တွင် အနားမှ ကပ်မလိုက်ရန် ၊ စစ်ဆေးရေး ဂိတ်များအား ရှောင်ကွင်းသွားရန်၊  CCTV များအား ပိတ်ထား ပေးပါရန်နှင့် တရားဝင် အဖွဲ့အစည်းများ၏ လူမှု

ကွန်ရက် စာမျက်နှာများမှ ထုတ်ပြန်ချက်များအား လေးလေးနက်နက် လိုက်နာရန် မေတ္တာရပ်ခံကြောင်း Monywa Nightking အဖွဲ့ဝင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required