ရေဦးမြို့နယ် ချမ်းသာရွာအား စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်

ရေဦးမြို့နယ် ချမ်းသာရွာအား စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်

ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချမ်းသာရွာကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီက စစ်ကောင်စီတပ် အင်အား ၁၂၀ ခန့်ဖြင့် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေး ချို့တဲ့သူ အပါအဝင် ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံက ပြောသည်။

"NLD ဆိုင်းဘုတ်ကို မီးရှို့သွားတာ၊ ကျန်တာကအိမ်တွေကို ဖျက်ဆီးတယ်။ လူနှစ်ယောက်ကိုလည်း သတ်သွားတယ်။ တစ်ယောက်က စိတ်ပေါ့သွပ်နေတာ၊ အိမ်တစ်အိမ်က ပိုက်ဆံ ခုနှစ်သိန်းလောက်ကိုလည်းယူသွားတယ်။ အလောင်းနှစ်လောင်းကိုတော့ ဒီမနက်ပဲ သင်္ဂြိုလ်ပေးလိုက်တယ်။ လူသုံးယောက်က ပျောက်နေတယ်" ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ၏ ပစ်သတ်မှုကြောင့် အသက် (၄၀)နှစ်အရွယ် စိတ်ကျန်းမာ​ရေး ချို့တဲ့သူ ကိုဇော်ကြီးဆိုသူ နှင့် ကိုစိုးသူ ဆိုသူတို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ယင်းအပြင် ကိုဇော်ကြီး၏ ညီဖြစ်သူ အသက် (၃၀)အရွယ် ကိုခိုင်လုံးဆိုသူနှင့် အခြား ဒေသခံနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ယင်းအပြင် ရွာသားအချို့ကိုလည်း နှိပ်စက်သွားသည်။ ဒေသခံက မဇ္ဈိမကို ပေးပို့သည့် ဓာတ်ပုံတွင် ခြံအတွင်း သစ်ပင်ဘေးတွင် ပုခုံးအထက်ပိုင်း သွေးစွန်းပေကာ တစ်ဦး နှင့် အိမ်အတွင်း၌ ရင်ဘတ်အထက်ပိုင်းတွင် သွေးများစွန်းပေကာ လဲနေသူတစ်ဦး၏ အလောင်းများကို တွေ့ရသည်။ ယင်းအပြင် ဦးခေါင်းဒဏ်ရာရသူတစ်ဦးကိုလည်း တွေ့ရသည်။

"ညကသူတို့က ရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ အချက် ၃၀ လောက်ပစ်တယ်၊ မနက်ကလည်း ၁၀ ချက်လောက်ပစ်တယ်။ မနက်က တိုက်ပွဲငယ် ဖြစ်သွားသေးတယ်တော့ကြားတယ်။ ဖြစ်တဲ့စစ်ကြောင်းကတော့ မတူဘူး။ တိုက်ပွဲဖြစ်တာက နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့ဖြစ်တာ။ ကျွန်တော်တို့ဆီကိုက စစ်ကြောင်း နှစ်ကြောင်းဝင်နေတာ။ သေချာတော့ မသိလိုက်ဘူး။ ကျွန်တော်တို့လည်းပြေးနေရတာဆိုတော့" ဟု ၎င်းကပြောသည်။

အဆိုပါ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေ၂၀၀၀ ကျော်ခန့်ရှိရာ ဒေသခံ အားလုံးစစ်ဘေးရှောင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required