မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အာဆီယံသုံးပွင့်ဆိုင်အဖွဲ့ 'Troika' ဖွဲ့စည်း ဆောင်ရွက်ရန် ဟွန်ဆန် အဆိုပြု

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အာဆီယံသုံးပွင့်ဆိုင်အဖွဲ့ 'Troika' ဖွဲ့စည်း ဆောင်ရွက်ရန် ဟွန်ဆန် အဆိုပြု

ဇန်နဝါရီ ၁၁

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား ၊ ဘရူနိုင်း နှင့် အင်ဒိုနီးရှားတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပါဝင်သော သံတမန်ရေးရာ သုံးပွင့်ဆိုင်အဖွဲ့ သို့မဟုတ် သုံးဦးတွဲဖက် ကော်မတီတစ်ခုကို ဖွဲ့စည်းထူထောင်ပြီး မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစေရေးအတွက် ပြေလည်အောင် ဆောင်ရွက်သွားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အဆိုပြုထားသည်။

ထို့ပြင် ယခုနှစ် ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ဟွန်ဆန်က ဂျပန် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟဲအီ ဆာဆာကာဝါကို ၎င်း၏ အကြံပေးအဖြစ် ဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာပြည်ခရီးစဉ်ကနေ ပြန်လာခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံရှိ ဘတ်တမ်ဘန်း ပြည်နယ်မှ အနီးအနား ဘန်တေး မင်ချေးပြည်နယ် ဆီဆိုဖွန်း မြို့ကို ဆက်သွယ်သည့် အမှတ် ၅ လမ်းမကြီးရဲ့အသစ်အဆင့်မြှင့်တင်ထားသော လမ်းပိုင်းနေရာ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဟွန်ဆန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ နှစ်ကုန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲမည်ဟု ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ဟာ သုံးပွင့်ဆိုင်အဖွဲ့ (troika) တစ်ခု ဖွဲ့စည်းနိုင်ပါတယ်၊ အဲဒီအဖွဲ့မှာ ဆိုရင် ၂၀၂၁ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်း၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနဲ့ လာမယ့် ၂၀၂၃ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားတို့ ပါဝင်နိုင်ပါတယ်၊ နောက်ပြီး အပစ်ရပ်စဲမှုကို ဖြစ်မြောက်အောင် ပံ့ပိုးဖို့အတွက် အာဆီယံအတွင်းရေးမှူးချုပ်လည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်ဖို့အတွက် လုပ်ထုံးလုပ်နည်း နည်းလမ်းတစ်ခု ရှိဖို့ လိုပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် မြန်မာတွင် "အပစ်အခတ် ရပ်စဲမှုကို သက်တမ်းတိုးချဲ့ခြင်း" က ဆွေးနွေးညှိနှိုင်းမှုများအတွက်သာမက အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ တွင် ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲအတွက်ပါ ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးခဲ့ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

"လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက တာဝန်ယူရချိန်မှာ အာဆီယံအဖွဲ့ထဲက ကျွန်တော်တို့ရဲ့ ပါတနာတွေဟာ လုပ်ထုံးလုပ်နည်း ယန္တရားတစ်ခု ထူထောင်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ မြန်မာ့အရေးက ၂၀၂၂ နှစ်ကုန်မှာ ပြီးသွားမှာ မဟုတ်ပါဘူး၊ အဲဒါက လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား တာဝန်ယူချိန်အထိ ဆက်သွားပါလိမ့်မယ်၊ အဲဒီအခါကျရင်လည်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအို (၂၀၂၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌ) တို့နဲ့ troika အဖွဲ့ ဖွဲ့စည်းလုပ်ဆောင်သင့်ပါတယ်၊ ဒါက အဆက်အစပ် ရည်ရွယ်ချက်တွေအတွက် လုပ်သင့်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

အလားတူ ၂၀၂၁ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းက စီစဉ်ဖွဲ့စည်းခဲ့သည့် "မြန်မာ၏ မိတ်ဆွေများ" ဟု ခေါ်သော အဖွဲ့တစ်ခုတွင် ဂျပန်နိုင်ငံလည်း ပူးပေါင်းပါဝင်ရန် ဟွန်ဆန်က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required