မောင်တောမြို့နယ်တွင် ဝါးခုတ်နေသည့် ရွာသားများ ပစ်ခတ်ခံရ 

မောင်တောမြို့နယ်တွင် ဝါးခုတ်နေသည့် ရွာသားများ ပစ်ခတ်ခံရ 

ဇန်နဝါရီလ ၈ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာအနီး ရွာသား ၂၃ ဦး ဝါးခုတ်နေစဉ် လက်နက်ကိုင်အဖွဲ့ တစ်ခုက လိုက်လံ ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူက ပြောသည်။ 

မောင်တောမြို့နယ် ခုံတိုင်ရွာသား ၂၃ ဦး ဇန်နဝါရီ ၇ ရက်က လဘော်ချောင်း အထက်ပိုင်းတွင် ဝါးခုတ်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။ 

"ဝါးခုတ်နေတုန်း ARSA (Arakan Rohingya Salvation Army) တွေနဲ့တွေ့တယ်၊ အဲ့တော့ ကျွန်တော်က ထွက်ပြေးတယ်။ ထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်တာပါ၊ ခြောက်ချက်ပစ်တယ်။ ကျွန်တော့်ကို ထိသွားတယ်၊ သူတို့လည်း ပစ်ပြီးရင် နောက်ဆုတ်သွားကြတယ်" ဟု ကျည်ထိမှန်ခဲ့သူ ဦးထွန်းလောက်က ရှင်းပြသည်။  

သေနတ်ကျည် ထိမှန်ခဲ့သူမှာ ခုံတိုင်ကျေးရွာနေ အသက် (၃၅) နှစ်အရွယ် မြိုတိုင်းရင်းသား ဦးထွန်းလောက် ဖြစ်ပြီး ဘယ်ဘက်ဒူးခေါင်းအောက်ကို ကျည်ထိမှန်ခဲ့သည်။ 

"ရွာက နယ်ခြားစောင့်တပ်ကို ကျွန်တော်တို့ ရွာသားတွေ လဘော်ချောင်းဘက်ကို ဝါးခုတ်သွားမယ်လို့ ပြောခဲ့တယ်။ သူတို့က လူဘယ်နှစ်ယောက်လဲ မေးတယ်။ ၂၃ ယောက်ပါလို့ ပြောခဲ့တယ်။ သူတို့က လူနည်းရင် မသွားရဘူး၊ ၂၃ ယောက်ဆိုတော့ မင်းတို့သွားရဲတယ်ဆိုသွားပေါ့ အဲ့လိုပြောတယ်” ဟု ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောသည်။

ယင်းရွာသားများကို နယ်ခြားစောင့် တပ်စခန်းက ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့ကြောင်း ဒဏ်ရာရသူ ဦးထွန်းလောက်ကို ယနေ့ နံနက်ပိုင်းတွင် မောင်တောဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required