လွိုင်ကော် မြို့တွင်းတိုက်ပွဲ ပြင်းထန်၊ နှစ်ဖက်ကျဆုံးမှုရှိ၊ စစ်တပ်မှ ရဟတ်ယာဉ်ပျံဝဲ 

လွိုင်ကော် မြို့တွင်းတိုက်ပွဲ ပြင်းထန်၊ နှစ်ဖက်ကျဆုံးမှုရှိ၊ စစ်တပ်မှ ရဟတ်ယာဉ်ပျံဝဲ 

ဇန်နဝါရီလ ၇ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုများအကြား တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်လျက်ရှိပြီး နှစ်ဖက်ကျဆုံးမှုရှိကြောင်း KDF တပ်ဖွဲ့ထံမှ သိရသည်။ 

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက်ခင်း ၆ နာရီခန့်မှ စတင် အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲတွင် အရပ်သား လေးဦးသေဆုံးခဲ့သည့်အပြင် ဒေသခံပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း နှစ်ဦးဒဏ်ရာရကာ တစ်ဦးကျဆုံးသွားကြောင်း သိရသည်။ 

“မနက်က လွိုင်ကော်မြို့ပေါ် ရထားသံလမ်းအနီးမှာ ပြည်သူ အမျိုးသား သုံးဦး အပစ်ခံရပါတယ်။ စစ်သားတွေက အဲ့ဒီရထားသံလမ်းအနီးက ဆောက်လက်စ ၁၁ ထပ်တိုက်မှာ ကင်းပုန်းချထားပြီး GTC ကျောင်းဝန်းတစ်လျှောက်မှာ နေရာယူထားကြတာ တိုက်ပွဲကတော့ ပြင်းထန်တယ်ပြောရမယ် တိုက်ပေါ်ကနေ ၆၀ မမနဲ့ ကျွန်တော်တို့ဆီကို တောက်လျှောက်ပစ်နေတာ ။ သူတို့ဘက်မှာလည်းသေတဲ့သူတွေရှိတယ် ကျွန်တော်တို့ဘက်ကလည်း ကျဆုံးသူရှိပါတယ် “ဟု Karenni Democratic Front - KDF ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

ထိုသို့ တိုက်ပွဲပြင်းထန်လျက်ရှိသည့် မိုင်းလုံးရပ်ကွက်ပေါ်သို့ ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်တစ်စင်း မိနစ် ၂၀ ခန့်ကြာ ပျံဝဲသွားကြောင်း သိရသည်။ 

ထိုသို့ တိုက်ပွဲပြင်းထန်သည့်နေရာတွင် “လက်ရှိချိန်ထိ ပိတ်မိနေသော ပြည်သူများကို ခေါ်ထုတ်နေခဲ့ပါသည်။ စကစ(စစ်ကောင်စီ)မှ ပြည်သူ့အိုးအိမ်များကို ဦးစားပေးတိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှလည်း အဆုံးထိ ကာကွယ်နိုင်ရန်ကြိုးစားလုပ်ဆောင်လျက်ရှိပါသည် “ဟုKarenni Democratic Front - KDF မှထုတ်ပြန်ထားသည်။ 

ယနေ့မြို့ပေါ်တိုက်ပွဲတွင် ကရင်နီပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် - KNDF ၊Karenni Democratic Front - KDF၊ GZ - 21 ၊KA နှင့် ဒီးမော့ဆို PDF စသည့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“တိုက်ပွဲတွေက နေ့စဉ်ဆိုသလို ပြင်းထန်နေတော့ အခြားတော့ ထွေထွေထူးထူး မပြောလိုတော့ပါဘူး။ ကရင်နီပြည်နယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်ခဲယမ်းတော့ ထောက်ပံ့ပေးစေလိုပါတယ်” ဟု Karenni Democratic Front - KDF မှ ပြန်ကြားရေးတာဝန်ခံက သတင်းစကားပါးသည်။ 

ယနေ့ နံနက်ပိုင်းတွင်လည်း လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်အတွင်းမှ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ၎င်း၏ မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required