မတူပီမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်တပ်က ပြည်သူများအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေဟု ထုတ်ပြန်

မတူပီမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်တပ်က ပြည်သူများအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေဟု ထုတ်ပြန်
ပုံစာ- မပူပီမြို့သို့တက်လာသည့် စစ်ကောင်စီ၏ ခြေလျင်တပ်။ ဓာတ်ပုံ - CDF Matupi (ပုံဟောင်း)

ဇန်နဝါရီ ၇

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ - ဟားခါးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်တိုက်ပွဲအတွင်း အသုံးပြုနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF Matupi )မှ ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သော ထိုကြေညာချက်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကီးလှုန်းရွာမှ လုံလှော်ရွာသို့သွား‌သည့် ပြည်သူ ခုနစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း‌ ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီ ၁၅မိနစ်တွင် မတူပီမြို့မှ မြောက်ဘက် မိုင်၂၀အကွာရှိ ကီးလှုန်းရွာနှင့် လုံလှော်ရွာ အကြားသို့ အင်အားအလုံး အရင်းဖြင့်ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်း) (CDF – ZoTung)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူး) (CDF – Lautu ) နှင့် CDF Matupi ညီနောင်တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့နံနက်အချိန်ထိ တိုက်ပွဲအခြေအနေ တင်းမာနေသောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူစာရင်းအားမသိရသော်လည်း ချင်းကာကွယ်ရေး ညီနောင်တပ်ပေါင်းစုဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ ရွာများမှ ပြည်သူများသည် စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၄ ရက်ကလည်း မတူပီ - ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင် ရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း CDF Matupi မှ ထုတ်ပြန် ကြေညာခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required