ရန်ကုန်တိုင်း၌ ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ရန်ကုန်တိုင်း၌ ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ဇန်နဝါရီလ ၅ရက်

ရန်ကုန်တိုင်းအတွင်း၌ စစ်ကောင်စီတပ်များကို “ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် တိုက်ခိုက်လျက်ရှိရာ သုံးရက် အတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်မှ ၅ ရက်နေ့အထိ သုံးရက်အတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီတပ်များအား စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၅ ရက် တိုက်ခိုက်မှု

မြောက်ဥက္ကလာပမြို့နယ်၊ (၂) ဈေးအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲစခန်းချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နံနက် ၅ နာရီခန့် တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ MO7(Eagle) မှ ဂဠုန်နှင့် စွန်ရဲ အဖွဲ့ဝင်များက နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မနက် ၆ နာရီတွင် ဒဂုံမြို့သစ် မြောက်ပိုင်း၊ အမှတ် (၂) လမ်းနှင့်အပြိုင် ကျန်စစ်သားလမ်းအနီးရှိ ရထားသံလမ်း ချောင်းကူးတံတားကို ACPLF အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်၏ ထောက်ပို့ရထားများ လုံးဝ အသုံးပြု၍ မရတော့ဘဲ ပျက်စီးခဲ့ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၄ ရက် တိုက်ခိုက်မှု

ရွှေပြည်သာမြို့နယ်၊ အောက်ဂိတ် မှတ်တိုင်အနီး လှော်ကားနယ်မြေ ရဲစခန်းဝင်း အတွင်းရှိ စစ်ကောင်စီ တပ်များကို နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ MO7(Eagle) မှ YUG Army အဖွဲ့က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် နံနက် ၈ နာရီခွဲခန့်၌ စစ်ကောင်စီ တပ်များအား နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ACPLF အဖွဲ့နှင့် မှော်ဘီ့ရင်သွေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နံနက် ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်ဖြစ်သည့် MMTM စက်သုံးဆီ အရောင်းဆိုင်ကို ညနေ ၆ နာရီခန့်တွင် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မိုင်တဲ တာဝါတိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် MDF တပ်ဖွဲ့ ပူးပေါင်း၍ အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်နှင့် မလွှာကုန်းဘူတာ လူကူးကုန်းကျော်တံတား အောက်ရှိ ရထားသံလမ်း အနီး စစ်ကောင်စီတပ်သားများကို ည ၇ နာရီခွဲခန့်တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် ACPLF ၊ မှော်ဘီတော်လှန်ရေး အင်အားစုနှင့် Bahan PDF Anonymous Force အဖွဲ့ဝင်များ ပူးပေါင်း၍ ဗုံး နှစ်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက် တိုက်ခိုက်မှု

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ လှိုင်ရဲစခန်းဝင်းကို ညနေပိုင်းတွင် ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

"အရင်လို အရှည်တွေနဲ့ ပြန်တိုက်ဖို့တော့ နည်းနည်း အချိန်ယူရဦးမယ်။ အဓိကက ဗုံးခွဲတာရယ် ၄၀ မမ ဗုံးသီးပစ် လောင်ချာနဲ့ ပစ်တာရယ် လုပ်နေတာပေါ့။ အခက်အခဲတွေကတော့ လက်နက်ထားသိုရတာ၊ ပြန်ထုတ် ပြန်သိမ်းရတာမျိုးတွေ လုပ်ဖို့ နေရာထိုင်ခင်း အဆင်သင့် မဖြစ်သေးတာပေါ့" ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ သတင်းပြန်ကြားရေးနှင့် စစ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအား စစ်ရေးအရ အရေးယူ တုံ့ပြန် တိုက်ခိုက်ရေးအတွက် “ပျံလွှားအောင်” စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required