အမျိုးသမီး သပိတ်ခေါင်းဆောင် နေထိုင်သည့် အဆောင်အား စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီး

By ဂျာမုန်း
05 January 2022
အမျိုးသမီး သပိတ်ခေါင်းဆောင် နေထိုင်သည့် အဆောင်အား စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီ ၅

မန္တလေး အမျိုးသမီးသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်သူ မအေးမြင့်အောင်အောင် နေထိုင်သည့် အဆောင်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ဝင်ရောက်ရှာဖွေကာ အခြားသူ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ငွေကြေးနှင့် အသုံးအဆောင်များ သိမ်းဆည်းသွားကြောင်း မအေးမြင့်အောင်အောင်ကပြောသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အဆောင်သို့ ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် အိမ်စီးကား သုံးစီး၊ အရပ်ဝတ် အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

“ကျွန်တော့် နာမည်နဲ့ ဓာတ်ပုံပြပြီး ကျွန်တော်နေတဲ့ အဆောင်နေရာကို လာရှာတယ်၊ အဆောင်တစ်ခုလုံးကို မွှေနှောက်ပြီးတော့ ဖုန်းတွေလည်း စစ်တယ်၊ ကုတင်အောက်တွေလည်း ကြည့်တယ်၊ ကျွန်တော်နေတဲ့ အခန်းကိုလည်း ရစရာမရှိအောင် မွှေသွားတာပေါ့” ဟု သူမက မဇ္ဈိမကို ပြောသည်။

သပိတ်စစ်ကြောင်း တစ်ခုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်တစ်ဦးနှင့် ဆက်စပ်ကာ လာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။ သူမ အနေဖြင့် ကြိုတင်ရှောင်တိမ်းပြီး ဖြစ်ကြောင်း ဆိုသည်။

“လာရှာတော့ စစခြင်း တံခါးခေါက် ကတည်းက နာမည်တပ်ပြီးတော့ အော်ဆဲပြီး ရှာတာပေါ့နော်။ တစ်ဆောင်လုံးကိုလည်း မွှေနှောက်ပြီး ပတ်ဆဲတယ်။ ဒီကောင်မကို ရှာနေတာ တော်တော်ကြာပြီ ခုထိကို မဖမ်းနိုင်သေးဘူးလို့ ပြောတယ်။ တော်တော် ရစရာမရှိအောင် ဆဲတယ်ပေါ့။ ပြီးတော့ ပစ္စည်း ဘာညာလည်း ယူသွားတယ်” ဟု သူမက ရှင်းပြသည်။

မအေးမြင့်အောင်အောင် အခန်းမှ ကျပ်သိန်း ၂၀ ကျော်၊ Laptop တစ်လုံး၊ စာအုပ်များနှင့် ဘွဲ့လက်မှတ်များ သိမ်းဆည်းသွားသည့် အပြင် အဆောင်မှူးနှင့် အမျိုးသမီးငယ် တစ်ဦးကို မဟာအောင်မြေ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သူမက ပြောသည်။

“အဆောင်မှူးကို စစ်ဖို့ခေါ်သွားတယ်၊ အဆောင်က ကောင်မလေး တစ်ယောက်ကိုလည်း လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ ဘာတွေ့သွားလို့လည်းတော့ မသိဘူး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ ဖြစ်နိုင်တာကတော့ ဖမ်းခေါ်သွားရင် သူ့နယ်မြေအလိုက် ရဲစခန်းကို ဖမ်းခေါ်သွားတာဘဲ ဖြစ်နိုင်ပါတယ်၊ မဟာအောင်မြေ ရဲစခန်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာသတင်းမှ ပြန်မရသေးဘူး၊ လုံခြုံရေးအရ မဆက်သွယ်ဘဲ ထားထားတာ ဆိုတော့လေ” ဟု မအေးမြင့်အောင်အောင်က ဆိုသည်။

မအေးမြင့်အောင်အောင် သည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တိမ်းရှောင်ခဲ့ရသော်လည်း "ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်၊ ရုန်းထွက်ရင် သံကြိုးတွေတောင် ပြတ်နိုင်တယ်" အရေးတော်ပုံ မုချ အောင်ရမယ်ဟေ့ ဟု သူမ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required