ထုတ်လုပ်မှု လျှော့ချရန် တောင်းဆိုသော်လည်း တရုတ်နိုင်ငံက ဧရာမကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို လည်ပတ်

ထုတ်လုပ်မှု လျှော့ချရန် တောင်းဆိုသော်လည်း တရုတ်နိုင်ငံက ဧရာမကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို လည်ပတ်

ကမ္ဘာ့နိုင်ငံများသည် ဖန်လုံအိမ်ဓာတ်ငွေ့တွေကို တားဆီးရန် ကြိုးစားနေသော်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်များကို ခွင့်ပြုပေးသည့်အတွက် ဝေဖန်ခံနေရသော တရုတ်နိုင်ငံသည် ပထမဆုံး မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်နိုင်သော Shanghaimiao စက်ရုံကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကာ ဆောက်လုပ်ဆဲကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများအနက် အကြီးဆုံးဖြစ်သည်။

ဗဟိုအစိုးရပိုင် China Energy Investment Corporation ၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Guodian Power Shanghaimiao ကော်ပိုရေးရှင်းက စက်ရုံ၏နည်းပညာသည် ကျောက်မီးသွေးနှင့် ရေသုံးစွဲမှုနှုန်းအနည်းဆုံးဖြင့် ကမ္ဘာ့အထိရောက်ဆုံးဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

အတွင်းမွန်ဂိုးလီးယား၏ ကျောက်မီးသွေးကြွယ်ဝသော အနောက်မြောက်ပိုင်းဒေသ အောဒို့စ်တွင် တည်ရှိသော အဆိုပါစက်ရုံသည် စွမ်းအင်ထုတ်လုပ်သည့် ယူနစ် ၄ ခုရှိလာမည်ဖြစ်ကာ အရှေ့ဘက်ကမ်းရိုးတန်း ရှန်တုန်းပြည်နယ်သို့ တာဝေး ဗို့အားမြင့်လျှပ်စစ်ဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားပေးပို့နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားသည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၏ ထက်ဝက်ကျော်နှင့် သက်ဆိုင်ပြီး ၂၀၂၁ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ယခုလအတွင်း ထုတ်ပြန်သည့် ဂျာနယ်တွင် ဖော်ပြထားသည်။

တရုတ်သည် ကျောက်မီးသွေးသုံးစွဲမှုကို လျှော့ချရန် စတင်မည်ဟု ကတိပြုထားသော်လည်း လာမည့် ၄ နှစ်အတွင်း စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်နိုင်ရန် ကုမ္ပဏီများအား အခွင့်အလမ်းများစွာ ပေးဆောင်လျက်ရှိသောကြောင့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှသာ အကောင်အထည် ဖော်နိုင်ဖွယ်ရှိသည်။

တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းမှ သုတေသီများက တရုတ်နိုင်ငံသည် ၂၀၂၁-၂၀၂၅ ခုနှစ် ကာလအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ်၏ စွမ်းဆောင်နိုင်မှုကို ၁၅၀ ဂဂ္ဂါဝပ် (GW) အထိ တည်ဆောက်ပြီး စုစုပေါင်း ၁၂၃၀ GW ရှိလာနိုင်သဖြင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ယခုလတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly