သင်တန်းစခန်း မီးရှို့ခံရသည့် နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ပထမအကြိမ် စစ်သင်တန်းဆင်းပွဲ အောင်မြင်စွာပြုလုပ်နိုင်

By ဂျာမုန်း
03 January 2022
သင်တန်းစခန်း မီးရှို့ခံရသည့် နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ ပထမအကြိမ် စစ်သင်တန်းဆင်းပွဲ အောင်မြင်စွာပြုလုပ်နိုင်

ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နှလုံးလှလူမိုက်ကြီးများအဖွဲ့သည် သင်တန်းစခန်း မီးရှို့ခံခဲ့ရသော်လည်း ပထမအကြိမ် စစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။

၎င်းအဖွဲ့သည် တပ်မဟာ(၁) အနေဖြင့် စတင်ဖွဲ့စည်းနိုင်ရေးအတွက် ပထမအကြိမ် သင်တန်းပြုလုပ်ရန် ပြင်ဆင်နေစဉ် ဒီဇင်ဘာလ ၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်တန်းစခန်းသို့ လာရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သို့သော် နေရာပြောင်းရွှေ့ကာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နိုင်ခဲ့ပြီး တပ်မဟာ (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို မြောင်နယ်၌ပင် ဇန်နဝါရီလ ၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တပ်မဟာ (၁) ဆိုပြီး လုပ်လိုက်တဲ့ဟာ နှစ်ရက်လောက်ပဲကြာသေးတယ်။ အဲ့ဒီစခန်း မီးရှို့ခံလိုက်ရတာ။ အဲဒီတုန်းက အဆောက်အအုံတွေဆောက်ပြီး သင်တန်းပေးဖို့ လုပ်တုန်းရှိသေးတယ်။ သင်တန်းတော့ မစသေးဘူး။ တဲအကြီးတွေ၊ ပစ္စည်းတွေ တော်တော်များများ သူတို့ မီးရှို့ဖျက်ဆီးသွားတယ်။ ခြံပိုင်ရှင်ရဲ့ နွားစာတိုက်တွေ၊ ဝက်တွေ၊ အိမ်တွေ၊ တဲတွေပါ အကုန် မီးရှို့ခံလိုက်ရတယ်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ခေါင်းဆောင် ဦးမာဃ က ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် ပါဝင်လိုကြသည့် တက်ကြွလူငယ်များအား စုစည်းကာ သင်တန်းပို့ချပြီးသည့်နောက် ယခုကဲ့သို့ အခမ်းအနားနှင့်တကွ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထပ်မံ၍လည်း တပ်မဟာ (၂) အဖြစ် ဆက်လက်ဖွဲ့စည်းရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

“ဒီဟာက ကျွန်တော်တို့ သင်တန်းပေးတာ ပထမဆုံးပါ။ ကလေးတွေက နှလုံးလှအဖွဲ့နဲ့ တိုက်ပွဲဝင်ချင်ကြတယ်။ နှလုံးလှနဲ့ဆို ဘယ်လိုနေရာမျိုးပဲ တိုက်ရတိုက်ရ သေဝံ့၊ သေရဲတဲ့သူတွေက များတယ်။ ဒါကြောင့် နှလုံးလှ တပ်မဟာ (၁)ဆိုပြီး ကျွန်တော် တည်ထောင်ပေးတယ်။ မြောင်နယ်မှာ တိုက်ပွဲဝင်တိုင်း ဒီအဖွဲ့တွေက ကျွန်တော့်နဲ့အတူ လက်တွဲပြီး တိုက်မှာပါ။ ဒါက မြောင်နယ်အတွက် အားတစ်ခုပါပဲ”ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ခေါင်းဆောင် ဦးမာဃ က ပြောသည်။

နှလုံးလှလူမိုက်ကြီး အဖွဲ့အနေဖြင့် မြောင်မြို့နယ်ထဲတွင် ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်လာခဲ့သည်မှာ အချိန်ကာလအားဖြင့် ငါးလကျော်လာပြီဖြစ်သည်။

ထို့အပြင် “သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲတဲ့ နှလုံးလှအဖွဲ့ရဲ့ တပ်မဟာ (၁)၊ ဖက်ဒရယ်ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား ကတိသစ္စာပြုပါသည်” ဟူ၍လည်း အဖွဲ့ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

“ကျွန်တော် နှလုံးလှလူမိုက်ကြီး ဦးမာဃ လုပ်ခဲ့တဲ့လုပ်ရပ်တွေသည် မှားခဲ့လို့ရှိရင် မြောင်နယ်သူ ၊မြောင်နယ်သားတွေက ကျွန်တော့်ကို ဝိုင်းပြောကြပါလိမ့်မယ်။ ကျွန်တော် လုပ်တာတွေကိုလည်း မြောင်နယ်သူ၊မြောင်နယ်သားတွေကို ကျွန်တော်ချပြပါတယ်။ အဖွဲ့အစည်းကိုလည်း ချပြပါတယ်။ အတိုက်အခံဆိုတာတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဂရုမစိုက်ပါဘူး” ဟု ၎င်းက ပြောသည်။

နှလုံးလှလူမိုက်ကြီးများအဖွဲ့မှာ စစ်အာဏာရှင်အလိုမရှိသည့် ပြည်သူလူထု၏ ထောက်ပံ့ငွေဖြင့်သာ ရပ်တည်နေခြင်းဖြစ်ကြောင်းလည်း အဖွဲ့ခေါင်းဆောင်က ပြောပြသည်။

ပြည်သူလူထု၏ ထောက်ပံ့မှုများကြောင့်သာ နှလုံးလှအဖွဲ့အနေဖြင့် ဒလန်ရှင်းလင်းရေး၊ ပြောက်ကျားစစ်ဆင်ရေးများမှတစ်ဆင့် ယခုကဲ့သို့ တပ်ရင်း၊တပ်ဖွဲ့များ ဖွဲ့နိုင်သည်အထိ တိုးတက်ပြောင်းလဲလာနိုင်ခြင်းဖြစ်ကြောင်းနှင့် ရေရှည်ဆက်လက် ရပ်တည်နိုင်ရန်လည်း ပူးပေါင်းပါဝင်ပေးကြရန် အဖွဲ့ခေါင်းဆောင်က ပြည်သူလူထုအား မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ထိုအဖွဲ့ အဖွဲ့ဝင် သုံးဦးသည် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required