ဝက်လက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းအသုံးပြုပစ်ခတ်ဟု PDF ထုတ်ပြန်

02 January 2022
ဝက်လက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းအသုံးပြုပစ်ခတ်ဟု PDF ထုတ်ပြန်

ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ရဟတ်ယာဉ် နှစ်စီး အသုံးပြု၍ လေကြောင်းပစ်ခတ်မှု ပြုလုပ်သည်ဟု ဝက်လက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-WETLET) တပ်ရင်း(၂) မှ ယနေ့ ဇန်နဝါရီလ ၂ ရက်တွင် သတင်း ထုတ်ပြန် သည်။

ယင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၄ နာရီ ဝက်လက်မြို့ အရှေ့ခြမ်း ငါးမိုင်အကွာ ဘုရားလေးကုန်းကျေးရွာအနီးရှိ PDF စခန်းကို သိမ်းရန်လာသည့် စစ်ကောင်စီ အင်အား ၇၀ ခန့်နှင့် PDF ပူးပေါင်းတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးခန့် သေဆုံးကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၁ ရက် နံနက် ၆ နာရီမှ စ၍ အင်အား ၆၀ခန့် ရှိသည့် စစ်ကောင်စီတပ်များက ဘုရားလေးကုန်းကျေးရွာအတွင်း တပ်စွဲကာ နေအိမ်များကို လှည့်လည်မီးရှို့ခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် PDF ပူး‌ပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးခန့် ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ကျဆုံးတာကတော့ ပစ်ခတ်နေရင်း သူတို့သယ်သွားတာ၊ လဲကျတာတွေ ရှိတယ်။ ကျွန်တော်တို့က နယ်မြေကျွမ်းကျင်တယ်။ လက်နက်အင်အားကတော့ သူတို့ကို မမှီဘူးပေါ့။ ပြီးတော့ ကျွန်တော်တို့ လုပ်ထားတဲ့ လျှောတိုက်ဒုံးတွေနဲ့ပစ်တာမှာ သူတို့ကိုတော်တော်ထိတယ်။ ဟက်စကီးနဲ့ ပစ်တာက စကစ ၃၀ လောက်ကျန်လို့ ရွာကို ဝိုင်းထားတဲ့အချိန်မှာပစ်တာ"ဟု တိုက်ပွဲဝင်ပါဝင်ခဲ့သည့် ဝက်လက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-WETLET) တပ်ရင်း (၁) ဗိုလ်ဇာတ်လိုက်က မဇ္ဈိမကို ပြောသည်။

ထိုနေ့ ညနေ ၆ နာရီခန့်တွင်စစ်ကောင်စီတပ်ဘက်မှ Mi-35 စစ်တိုက်ရဟတ်ယာဉ် နှစ်စီးဖြင့် PDF တပ်များကို မိနစ် ၃၀ ခန့် ပစ်ခတ် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ရွာအရှေ့ဘက်သို့ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်သားဦးရေ ၃၀ ခန့် လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

" ပထမတိုက်ပွဲရက်က စခန်းပတ်ပတ်လည်မှာ မိုင်းတွေရှိတယ်။ သူတို့တက်လာတော့ ခွဲချတယ်။ ဒုတိယ ရက်မှာကျတော့ သူတို့က ဘုရားလေးကုန်းရွာမှာ တပ်စွဲတော့ ရွာကို ညှပ်ပြီးတိုက်ကြတာ၊ နောက်ဆုံးမှာ အင်အားနည်းလာတော့ ထွက်ပြေးတော့တာပဲ။ ထွက်ပြေးတဲ့အချိန်မှာ အင်အား ၃၀ လောက်ပဲ ရှိတော့တယ်။ လေယာဉ်ပစ်ကူပေးလို့ လွတ်သွားတာ" ဟု ဝက်လက်မြို့နယ်က PDF များ၏ တိုက်ပွဲသတင်းများကို ထုတ်ပြန်ပေးနေသည့် သတင်းအမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

လေကြောင်း ပစ်ခတ်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲကို PDF တပ်ဖွဲ့ ငါးဖွဲ့ခန့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် PDF တပ်ဖွဲ့ဝင်များအား လေသံလုံလုံဖြင့် အားပေးကြရန် PDF-WETLET တပ်ရင်း(၂)က နှိုးဆော်ထားသည်။

ယမန်နေ့ ညအချိန်ကတည်းက ဘုရားလေးကုန်းကျေးရွာအတွင်းမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံများထဲမှ အချို့ မှာရွာအတွင်း ပြန်လည်နေထိုင်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly