စစ်ကောင်စီသည် အထီးကျန်အဖွဲ့အစည်းဖြစ်နေဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော

စစ်ကောင်စီသည် အထီးကျန်အဖွဲ့အစည်းဖြစ်နေဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော

ဇန်နဝါရီလ ၁ ရက်

စစ်ကောင်စီသည် အထီးကျန်အဖွဲ့အစည်းတစ်ခုလိုဖြစ်နေကြောင်းနှင့် ရှုပ်ထွေးလှသည့် မြန်မာ့နိုင်ငံရေး ကြားကာလတွင် နိုင်ငံရေး အဖြေရလဒ်ကောင်းများထွက်ပေါ်လာရန်  မြန်မာနိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ကြရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူ၏နှစ်သစ်မိန့်ခွန်းတွင် တိုက်တွန်းပြောကြားလိုက်သည်။ 

မြန်မာနိုင်ငံသားတိုင်းအနေနှင့် လူမျိုးကြီးဝါဒ၊ ဖိနှိပ်တက်သည့် အာဏာရှင်စနစ်နှင့် အာဏာရှင်စိတ်ဓာတ်တို့ကို အမှန်တကယ် တိုက်ခိုက်အနိုင်ရယူနိုင်ခဲ့မည်ဆိုပါက ပြည်သူအယောက်တိုင်း၏ မျှော်လင့်ချက်နှင့် ကြိုးစားခဲ့ကြသည့် နိုင်ငံရေး မျှော်မှန်းချက်ကြီး ဖြစ်မြောက်လာမည် ဖြစ်သည့်အတွက် နိုင်ငံရေးတွင် ကျရာအခန်းကဏ္ဍ၌ အားတက်သရောပါဝင်သွားကြရန်  ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်မိန့်ခွန်းတွင်ထည့်သွင်းတိုက်တွန်းထားသည်။ 

လက်ရှိအချိန် တောင်တန်းဒေသက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် မြေပြန့်ဒေသမှ တိုင်းရင်းသား ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ကျရာအခန်းမှ တော်လှန်နေခြင်းသည် ရှုပ်ထွေးလှသည့် မြန်မာနိုင်ငံရေး ကြားကာလအတွင်း နိုင်ငံရေးအခင်းအကျင်းအသစ်များ ပေါ်ပေါက်လာရန်အတွက် အလားအလာကောင်းများ မြင်တွေ့နေရပြီဖြစ်ပြီး  အာဏာရှင်စနစ်နှင့် အာဏာရှင်များကို တော်လှန်နေကြသည့် အဖွဲ့အစည်းများ၊ နည်းအမျိုးမျိုးဖြင့် တော်လှန်တိုက်ခိုက်နေသူများအားလုံးကို ချီးမွမ်းထောပနာပြုကြောင်း ထည့်သွင်းပြောဆိုထားသည်။ 

ဂျိန်းဖေါ့ဘာသာနှင့် ထုတ်ပြန်ပြောဆိုထားသည့် ထိုနှစ်သစ်မိန့်ခွန်းတွင်  စစ်ကောင်စီနှင့် မသက်ဆိုင်နိုင်သော အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်လည်း တိုက်တွန်းထားသည်။ 

ထို့ပြင် ပြည်သူများအပေါ် အကြမ်းဖက်နည်းလမ်းနှင့် စစ်အာဏာသိမ်းလိုက်သော စစ်တပ်ကြောင့် မြန်မာနိုင်ငံသားအယောက်တိုင်း၏ ဘဝမှာ အနာပေါ် တုတ်ကျသလို အလွန်ခက်ခဲကြပ်တည်းနေရပြီဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်သည် ကောင်းချီးမင်္ဂလာဆုမြတ်များ ခံစားရသည့်နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းစကားဖြင့် အဆုံးသတ်ထားပါသည်။ 

(ကချင်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်အနှစ်ချုပ်ရေးသားထားခြင်းသာဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required