ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံရ

By စန်းကျိန်
31 December 2021
ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ် NLD အစိုးရ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်က နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီး ဦးစိုးညွန့်လွင်ကို တောင်ကြီးခရိုင်တရားရုံးက နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ (၁၂၂) ဖြင့် ထောင်ဒဏ်နှစ် ၂၀၊ ပုဒ်မ ၁၂၄(က) ဖြင့် ထောင်ဒဏ် ခုနှစ်နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း၊ ပုဒ်မ ၁၂၄(ဃ) ဖြင့် ထောင်ဒဏ် ခုနှစ်နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း၊ ရဲနှင့် ထွေအုပ်မှ တရားစွဲထားသည့် ၅၀၅ ပုဒ်မ တစ်ခုစီအတွက် ထောင်ဒဏ် နှစ်နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ်နှင့် ဒဏ်ငွေ နှစ်သိန်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

''တရားစွဲဆိုတဲ့အချိန်မှာ ဝန်ကြီးအနေနဲ့ ရှေ့နေတွေနဲ့ ခုခံချေပခွင့် ရပါတယ်။ မိသားစုနဲ့ကတော့ ရှေ့နေတွေ စီစဉ်ပေးလို့ တွေ့ခွင့်ရခဲ့ဖူးပါတယ်။ ထောင်ဝင်စာ မပိတ်ထားရင် ပုံမှန် အကျဉ်းကျနေသူတွေလို ထောင်ဝင်စာ ပေးခွင့်ရှိပါတယ်။ အမိန့်ချဖို့ အဂတိ လေးမှုကျန်တာတော့ တစ်လပိုင်း ကုန်လောက် ပြီးမယ်ထင်ပါတယ်'' ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဦးစိုးညွန့်လွင်သည် ပြီးခဲ့သည့် မတ်လ ၅ ရက်၊ ညပိုင်းက ရန်ကုန်မြို့ရှိ ရှစ်ထပ်တိုက် တစ်ခု၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံး) ‌၌ ထိန်းသိမ်းခံထားရခြင်း ဖြစ်ပြီး လက်ရှိ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဦးစိုးညွန့်လွင်နှင့် ရင်းနီးမှုကြောင့် ဖမ်းဆီးခံခဲ့ရသော ဆီဆိုင်မြို့နယ် စည်ပင် ဥက္ကဌ ဦးခွန်ဗွာထိုသွေးမှာ သြဂုတ်လ ၂၇ ရက်နေ့တွင် စဝ်စံထွန်းဆေးရုံတွင် ကွန်လွန်သွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly