နွားထိုးကြီးမြို့နယ် ပန်းပင်တောရွာ ဒေသခံများ စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်ခြင်း ခံနေရ

နွားထိုးကြီးမြို့နယ် ပန်းပင်တောရွာ ဒေသခံများ စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်ခြင်း ခံနေရ

ဒီဇင်ဘာ ၃၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပန်းပင်တော ကျေးရွာဒေသခံ အသက် ၄၀ ကျော်အရွယ် ဦးသိန်းစိုးကို စစ်ကောင်စီတပ်က မျက်လုံး သွေးထွက်သည့်အထိ နှိပ်စက် ညှဥ်းဆဲနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးသိန်းစိုး အပါအဝင် အမျိူးသားသုံးဦး ၊ အမျိူးသမီးလေးဦး စုစုပေါင်း ခုနစ်ဦးသည် PDF နှင့် ဆက်နွှယ်သူများ၊ PDF အဖွဲ့၀င်များ ဟု ခေါင်းစဉ်တပ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

" ကိုသိန်းစိုးကို ကြိုးတုပ်ပြီး မျက်လုံး သွေးထွက်တဲ့ အထိ ရိုက်နှက်တာ။ ကျန်တဲ့ သူတွေကိုလည်း ရိုက်တယ်။ အဲ့ဒါအပြင် အိမ်သာရေနဲ့ မျက်နှာသစ်ရတယ်။ ပါသွားတာ လူငယ် မိန်းကလေး တွေလည်း ဖြစ်နေတော့ ငိုယို နေကြတယ်လို့ လွတ်လာတဲ့သူ ဆီကနေ သိရတာ “ ဟု ပန်းပင်တောရွာ ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တပ်ရောက်ရှိလာပြီး NLD ပါတီ အမာခံ ထောက်ခံ အားပေးသည့် ဒေသခံများကို အမည်စာရင်းဖြင့် လာရှာရာ မ‌တွေ့ရှိသဖြင့် ၎င်းတို့၏ နေအိမ် ၁၂ လုံးကို ချိပ်ပိတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးသွားသည်။

ထို့ပြင် ရွာထဲရှိ‌ နေအိမ်၊ ကား၊ ဆိုင်ကယ်၊ ဖုန်းများနှင့် အိမ်တွင်းပစ္စည်း အပါအ၀င် တန်ဖိုးကြီး ပစ္စည်းများကိုပါ သယ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီး ခံထားရသည့် ခုနစ်ဦးအနက် သုံးဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြန်လွှတ် ပေးလိုက် သော်လည်း ကျန်လေးဦးကို PDF၊ CRPH နှင့် အဆက်အသွယ် ရှိသည်ဟု စွပ်စွဲခံထားရဆဲ ဖြစ်သည်။ ချိပ်ပိတ် ခံထားသည့် အိမ်ပိုင်ရှင်များ နေအိမ်သို့ ပြန်လာရန်လည်း စစ်ကောင်စီတပ်က ရွာထဲ လှည့်အော်၍ ဖိအားပေးနေကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required