ပင်လယ်ပြင်မှာ စက်လှေနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို အင်ဒိုနီးရှား ကယ်ဆယ်

ပင်လယ်ပြင်မှာ စက်လှေနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို အင်ဒိုနီးရှား ကယ်ဆယ်
Photo - AFP

ဒီဇင်ဘာ ၃၁

သစ်သားစက်လှေတစ်စင်းနဲ့အတူ သွားလာရင်း အင်ဂျင်စက်ပျက်ပြီး ပင်လယ်ပြင်ထဲ မျောပါနေခဲ့တဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်းသွားလာသူ ၁၀၀ ဦးကျော်ကို အင်ဒိုနီးရှားရေတပ်က ကယ်ဆယ်ပေးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ဖိအားပေးမှုတွေ ရှိခဲ့ပြီးနောက်မှာ အင်ဒိုနီးရှားရေတပ်ဟာ ပင်လယ်ပြင်ထဲမှာ ဒုက္ခတွေ့ပြီး အကူအညီလိုအပ်နေတဲ့ ရိုဟင်ဂျာတွေကို ကမ်းကပ်ခွင့်ပေးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းမှာ ၎င်းတို့ကို ဘေးကင်းရာနေရာကို ခေါ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ရေတပ်သင်္ဘောဟာ ညသန်းခေါင်အလွန်မှာ အာချေးပြည်နယ် မြောက်ဘက် ကမ်းရိုးတန်းရှိ လော့ခ်ဆီယူမာဝီကို ရောက်ရှိခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေး အများစု ပါတဲ့ အဆိုပါ ရိုဟင်ဂျာတွေကို ကမ်းကို ခေါ်ဆောင်ဖို့ လုပ်ဆောင်ခဲ့ရာမှာ လှိုင်းထန်တာ၊ မိုးသည်းထန်စွာ ရွာမှုတို့ကြောင့် အဟန့်အတားဖြစ်ခဲ့တယ်လို့ အင်ဒိုနီးရှား ရေတပ်က ပြောပါတယ်။

UNHCR အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှု၊ ဒေသခံတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေနောက်မှာ ခုလို ကယ်ဆယ်ရေးလုပ်ငန်း ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ကနဦးပိုင်းက အဆိုပါ ရိုဟင်ဂျာတွေကို ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ယင်းနောက် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ ဂျကာတာ အစိုးရဟာ အလျှော့ပေးလိုက်လျောခဲ့ပြီး လူသားချင်းစာနာမှု အကြောင်းတရားတွေအရ ရိုဟင်ဂျာ စက်လှေကို ကမ်းကပ်ခွင့်ပြုဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရိုဟင်ဂျာ စက်လှေဟာ အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ကမ်းခြေ ပြင်ပ ရေမိုင် ၅၀ နဲ့ ၇၀ အကြားမှာ အင်ဂျင်စက်ပျက်ပြီး မျောပါနေခဲ့တာကို ဒီဇင်ဘာ ၂၅ ရက်မှာ အာချေး ဒေသခံ ငါးဖမ်းသမားတစ်ဦးက ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly