ရာအိမ်မှူးအိမ် ဗုံးကွဲ၊ ရဲအချို့ သေဆုံး

ရာအိမ်မှူးအိမ် ဗုံးကွဲ၊ ရဲအချို့ သေဆုံး

ဒီဇင်ဘာလ ၃၀ ရက်

ယုဇနဥယာဉ်မြို့တော်ရှိ ရာအိမ်မှူး တစ်ဦးအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတစ်ချို့ သေဆုံးခဲ့သည်ဟု ပေါက်ကွဲမှု ဖြစ်ပွားရာ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက် ရာအိမ်မှူးနေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေချိန် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

ယုဇန ဥယျာဉ် အိမ်ယာ အတွင်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ရဲတွေသေတယ်လို့ တော့ ကြားတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ သေသေချာချာမသိဘူး။ ဒီ မနက်တော့ ပုံမှန်သွားလာနေကြတာပဲ။ ထူးခြားတာတော့မရှိဘူး” ဟု ပြောသည်။ 

ထိုပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုများ ရှိသည်ဟု ဆိုသော်လည်း သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

အဆိုပါ ဖောက်ခွဲမှုကို Yangon RevolutionGroup အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။ 

ယုဇနဥယျာဉ်မြို့တော်၊ ၁၆လမ်း (A) ရှိ ရာအိမ်မှူးနေအိမ်သို့ ရဲတပ်ဖွဲ့ဝင် ၄ ဦးရောက်ရှိနေချိန် ပစ်ခတ်ခြင်း၊ ဗုံး ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု YangonRevolutionGroup အဖွဲ့က ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။ 

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင်စစ်ဆင်ရေး၏ စစ်ရေးတုန့်ပြန်မှု အဖြစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က မှော်ဘီ၊ စမ်းချောင်း၊ တောင်ဒဂုံ၊ လှိုင်၊ အင်းစိန်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ဗုံးခွဲတိုက်ခိုက်မှု များပြုလုပ် ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly