ကလေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦး ကျဆုံးဟု ချင်းအမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

By မဇ္ဈိမ
30 December 2021
ကလေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦး ကျဆုံးဟု ချင်းအမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦး ကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်သည်။

ကလေးမြို့နယ် ချောင်းခွရွာနှင့် ဟာခါးလေးရွာ အကြား၌ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီနောက်ပိုင်းတွင် ဟားခါးလေးနှင့် ရေစိုကျေးရွာ အကြား၌ ပူးပေါင်း တပ်ဖွဲ့ဝင်များက သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကလေးမြို့) ( PDF-Kalay )နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့က ၆၀ မမ ဖြင့် ပစ်ခတ်ရာ ရန်သူနေရာ တည့်တည့် ထိမှန်ခဲ့ပြီး သေဆုံးသူများကို အတည်မပြုနိုင်သေးဟု ဆိုသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ချောင်းခွနှင့် ဟာခါးလေး ကျေးရွာများရှိ လူနေ အိမ်များအား မီးရှို့ဖျက်ဆီး သွားသည်ဟုလည်း ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် အဆိုပါ ဒေသ ကာကွယ်ရေးတပ် ပူးပေါင်း အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ရာ ပူးပေါင်း တပ်ဖွဲ့ဘက်က နှစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required