ထားဝယ်မြို့တွင် စစ်ကောင်စီက အမျိုးသား ၁ ဦးကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီး

By ကိုရွှေမြိတ်
30 December 2021
ထားဝယ်မြို့တွင် စစ်ကောင်စီက အမျိုးသား ၁ ဦးကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီး

ဒီဇင်ဘာ ၃၀

ထားဝယ်မြို့၊ ကညုံရပ်ကွက်၌ ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက အမျိုးသား တစ်ဦးကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူ ကိုကျော်နိုင် ဆိုသူကို ထားဝယ်မြို့နယ် ကညုံရပ်ကွက် သီတာလမ်းသွယ် နေအိမ်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ခန့်တွင် Vigo ကား နှစ်စီးဖြင့် အရပ်ဝတ်နှင့် ယူနီဖောင်းပါ အင်အားအပြည့်သုံး၍ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"ကားနှစ်စီးနဲ့ လာရောက် ဖမ်းသွားတာပါ၊ အိမ်ထဲက ထွက်လာတော့ လက်ထိပ်ခတ်ပြီး ကားပေါ် ခေါ်တင် သွားတယ်" ဟု ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

ကိုကျော်နိုင် သည် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်တွင် အာဏာဖီဆန်ရေး သပိတ်စစ်ကြောင်း များ၌ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းအား လက်နက်ကိုင် အဖွဲ့စည်းများနှင့်ချိတ်ဆက်မှုရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကညုံရပ်ကွက် နေထိုင်သူ တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ၎င်းကို မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း မြို့ခံများက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly