မန္တလေး၊ဇန်နဝါရီ ၇ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆင်ခြေထောက်ရောဂါ မဖြစ်ပွားစေရန်အတွက် လူကုန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ မြို့နယ်၊ကျေးရွာ၊ ရပ်ကွက်များတွင် ပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်က မဇ္ဈိမ ကိုပြောသည်။
"ဆေးတွေက အကုန်ရောက်နေပြီ။ ကျွန်တော်တို့ဌာနက သူတွေအနေနဲ့ တစ်အိမ်တက်ဆင်း လိုက်တိုက်ဖို့တော့ခက်တယ်။ လူကုန်တိုက်နိုင်ဖို့ ရပ်ကွက်၊ကျေးရွာတွေမှာ စုရပ်တွေသတ်မှတ်ပြီး တိုက်သွားပါမယ် "ဟု ဦးဝင်းနိုင် ကပြောသည်။
မြန်မာနိုင်ငံအတွင်းတွင်ခရိုင် (၇၀) ရှိသည့်အနက် (၄၅) ခရိုင်တွင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုအား တွေ့ရှိနေရပြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် DEC နှင့် Albendazol ဆေးပြားများ လူအားလုံးတိုက် ကျွေးခြင်းလုပ်ငန်းကို (၄၅)ခရိုင်လုံးလွှမ်းခြုံပြီးဖြစ်သည်။
ဆင်ခြေထောက်ဆေးသောက်သုံးရာတွင် အော့အန်မူးဝေမှုများဖြစ်ပွားတတ်သည့်အတွက် အစားအစာစားပြီး ညနေပိုင်းတွင်သောက်သုံးလျှင် ဘေးထွက်ဆိုးကျိုးနည်းနိုင်သည်ဟု ဦးဝင်းနိုင် ကအကြံပြုသည်။
ဆင်ခြေထောက်ရောဂါ ကာကွယ်ရေးဆေး လူကုန်တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းသည် ၂၀၂၀ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက်ဖြစ်သည်။