ဂန့်ဂေါနယ် ၅ ရက်တာ တိုက်ပွဲ စစ်ကောင်စီတပ်သား ဦးရေ ၂၀ ထက်မနည်း သေဆုံးဟု ဒေသကာကွယ်ရေးတပ် ပြော

ဂန့်ဂေါနယ် ၅ ရက်တာ တိုက်ပွဲ စစ်ကောင်စီတပ်သား ဦးရေ ၂၀ ထက်မနည်း သေဆုံးဟု ဒေသကာကွယ်ရေးတပ် ပြော

ဒီဇင်ဘာလ ၂၉ ရက်

ဂန့်ဂေါနယ်မှ ကလေးနယ်သို့ ချီတက်လာသည့် ယာဉ်အစီး ၂၀ ပါ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ငါးရက် ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဦးရေ၂၀ ထက် မနည်း ကျဆုံးပြီး စစ်ကား အကြီးတစ်စီး ပျက်စီးသွားကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ကိုဒီမွန်က ပြောသည်။ 

အဆိုပါ စစ်ယာဉ်တန်းသည် ဒီဇင်ဘာလ ၂၅ ရက်မှ စ၍  ကျောဒေသဘက်မှ ကလေး-ဂန့်ဂေါ လမ်းမအတိုင်း ချီတက်လာခြင်း ဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အထိ နာခဲ့ခြင်း ဖြစ်သည်။ 

‘’၂၅ ရက် နေ့ကနေ ဒီနေ့ သူတို့ နှမ်းခါးရွာကို ရောက်သွားတဲ့အထိ ဆက်တိုက်ဆိုသလို မိုင်းဆွဲ ခံရတာ။ သူတို့က တစ်မိုင်လောက် ရှေ့ပြေးအဖွဲ့က မိုင်းရှင်းလိုက်၊ နောက်အဖွဲ့တွေက တရွေ့ရွေ့နဲ့ တက်လာလိုက် လုပ်နေတာ။ ထွက်လာတုန်းကတော့ အစီး ၂၀ လောက် ရှိမယ်။ ဒါပေမဲ့ နှမ်းခါးဘက်ကို ရောက်တော့ ရှစ်စီးလောက်ပဲ ရှိတော့မယ်” ဟု ကိုဒီမွန်က ပြောသည်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ခွဲများက နေ့စဉ်နှင့် အမျှ မိုင်းခွဲ တိုက်ခိုက်ကြပြီး တစ်ကြိမ် မိုင်းခွဲလျှင် အနည်းဆုံး မိုင်း ခုနစ်လုံးခန့် ခွဲသည်ဟု သိရသည်။ လမ်းမကြီး တစ်လျှောက် တစ်ရက်လျှင် အနည်းဆုံး သုံးကြိမ်အထိ မိုင်းခွဲသည့်အတွက် စစ်ကောင်စီတပ်က ကျဆုံးမှု များသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ် ယာဉ်တန်းအား ရက်စွဲအလိုက် တိုက်ခိုက်မှုနှင့် ကျဆုံးမှု စာရင်းကိုလည်း PDF Gangaw က အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။ 

စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF-GanGaw တပ်ခွဲ (၁၇) ကြယ်ဖြူ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့သည်။ 

ဆက်လက်၍ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် PDF-GanGaw တပ်ရင်း (၁) ပြောက်ကျားတပ်ဖွဲ့က  မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF-GanGaw  တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ခြောက်ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ 

ထိုနေ့ နေ့လယ်ပိုင်းတွင်လည်း ဆိုင်ကယ် ငါးစီးဖြင့် တောင်ခင်ရန်း ရဲစခန်းမှ ကင်းလှည့် ထွက်လာ‌သော ရဲခွေး(ရဲတပ်သား)များကို PDF-GanGaw တပ်ခွဲ (၂၅) စွန်ရဲအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ရဲဆိုင်ကယ် နှစ်စီး မိုင်းထိပြီး ရဲခွေး နှစ်ဦး သေဆုံးကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

မိုင်းခွဲပြီးခဲ့သည့် နေရာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် ကာကွယ်ရေး တပ်ဖွဲ့များ၏ ရုပ်ပုံ မှတ်တမ်းများတွင်လည်း မိုင်းထိခဲ့သည့် စစ်ကောင်စီ တပ်သားများ၏ ပြန့်ကျဲနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများအား တွေ့ရသည်။ 

‘’တစ်နေရာမှာဆိုရင် မိုင်းကို သူတို့မြင်တော့ မိုင်းရှင်း ဝတ်စုံကြီးတွေ တကားကားနဲ့ သုံးယောက်လောက် မိုင်းရှင်းနေတာ။ အဲ့ဒီအချိန် ကျွန်တော်တို့က ခွဲထည့်လိုက်တာ။ ခေါင်းပါ ပြုတ်သွားတယ်။ အချို့ အစိတ်အပိုင်းတွေက သစ်ပင်တွေပေါ်မှာ တက်ချိတ်နေတော့တာ" ဟု စစ်ကောင်စီတပ်သားများ ကျဆုံးပုံကို ကိုဒီမွန်က  ပြောသည်။ 

မောင်းပြန် လက်နက်များ ကောင်ကောင်း ပိုင်ဆိုင်ခြင်း မရှိသေးသည့်အတွက် မိုင်းထိနေသည့် စစ်ကောင်စီ တပ်သားများ၏ လက်နက်များကို သိမ်းယူ ရရှိနိုင်ခြင်း မရှိဟုလည်း ကိုဒီမွန်က ပြောသည်။ 

‘’ကျွန်တော်တို့ မိုင်းခွဲပြီးရင် ဒီကောင်တွေ လူးလှိမ့်နေတာကို တွေ့နေရတယ်။ သူတို့ဘက်ကတော့ ဒီလို အချိန်မျိုးဆို လက်နက်ကြီး လက်နက်ငယ်နဲ့ မနားတမ်းကို ပစ်ကြတာ။ ကျွန်တော်တို့မှာသာ ခံပစ်စရာ လက်နက်သာရှိရင် သူတို့ဆီက လက်နက်ခဲယမ်းတွေပါ သိမ်းလို့ရတယ်။  ခုကျတော့ ခံမပစ် နိုင်သေးတော့ မိုင်းခွဲပြီး ပြေးတဲ့ ပုံစံနဲ့ပဲ တိုက်နေရတာ “ ဟု ၎င်းက ပြောသည်။ 

အထိအခိုက်များခဲ့သော ယခုစစ်ကြောင်းသည် လွန်ခဲ့သည့် အပတ်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည် နှမ်းခါးရွာ၌ပင် တပ်စွဲထားဆဲ ဖြစ်သည်။ 

ထိုသို့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်နေသည့် ကလေး-ဂန့်ဂေါ လမ်းပိုင်းအတွင်း ယခုရက်ပိုင်း အသွားအလာ ဆင်ခြင်ကြရန်နှင့် လုံခြုံဘေးကင်းစွာ နေထိုင်ကြရန် လေးစားစွာ အနူးအညွတ် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု PDF Gangaw က ထုတ်ပြန်ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required