ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးကြောင့် ဒေသခံ ၉ ဦး ဖမ်းဆီးခံရ ဟုဆို 

29 December 2021
ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးကြောင့် ဒေသခံ ၉ ဦး ဖမ်းဆီးခံရ ဟုဆို 

ဒီဇင်ဘာလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ကိုးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ပံ့နေကြောင်း ဒလန်များ၏ စွပ်စွဲ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံက ပြောသည်။ 

“PDF ကိုထောက်ပံ့တယ် ဆိုပြီး ဒလန်တွေ သတင်းပေးတွေနဲ့ ကျေးရွာ အတွင်းကို ဝင်ရှာတာ။ ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာ၊ ဘိုအင်းကျေးရွာ တွေပါ။ နောက် ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာ ၊ အုတ်တိုက်ကုန်းကျေးရွာ၊ တဂေါင်းအိုင်ကျေးရွာနဲ့ အုတ်တိုက်ကုန်းက လူတွေလည်း ပါတယ်။ ကောလင်းက လူတွေက ဒီကို စစ်ဘေးလာရှောင်နေကြတာ၊ စုစုပေါင်း ကိုးဦးပါ။ သူတို့ကို စစ်ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်။ မုံရွာ နမခ ကို ခေါ်သွားတယ်လို့ ကြားတယ်။ အတိအကျတော့ ဘယ်ကိုခေါ်သွားလည်း မသိဘူး” ဟု ‌ဒေသခံတစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၂၂ ရက်နေ့ က ကျွန်းလှမြို့မှ ၂၅ မိုင်ကွာဝေးသည့်  ကန်စွန်းအင်းကျေးရွာသို့ စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ကူလာချကာ ကောလင်းမြို့နယ်  ကြို့ပင်ကျေးရွာမှာ စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ကန်စွန်းအင်းကျေးရွာ အနီးတစ်ဝိုက်တွင် ပစ်ခေတ်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

“၂၂ ရက်နေ့မှာ စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လူလာချတယ်။ အဲစစ်ရဟတ်ယာဉ် နှစ်စီးက ကန်စွန်းအင်းကျေးရွာ အနီးတစ်ဝိုက်ကိုလည်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲမှာ ပြည်သူ့နှစ်ဦး သေဆုံးသွားခဲ့တယ်။ နောက် ကြို့ပင်ကျေးရွာက စစ်ကြောင်းကလည်း ကန်စွန်းအင်းဘက်ကို လာတယ်။ အဲမှာ စစ်ဘေးရှောင် ကိုးဦးကို ဖမ်းပြီး ရဟတ်ယာဉ်နဲ့ ခေါ်သွားကြတယ်” ဒေသခံက ရှင်းပြသည်။ 

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့ အနောက်ဘက်၊ နောင်ဦးကျေးရွာ အနောက်တောင်ဘက်ရှိ ဆားတွင်းကျေးရွာဘက်သို့ အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရသည်။ 

ကျွန်းလှမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၄၄ ရွာ ရှိပြီး ကျေးရွာအချို့က ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required