စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူရန်နှင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် NUCC တောင်းဆို

29 December 2021
စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူရန်နှင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် NUCC တောင်းဆို

ဒီဇင်ဘာ ၂၉

အာဏာသိမ်းစစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုကို ထိရောက်စွာ အရေးယူပေးရန်နှင့် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အစိုးရများကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုသည်။

ယခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းနှင့် ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကရင်နီ ပြည်နယ်တို့တွင် အရပ်သား အနည်းဆုံး ၄၆ ဦး အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမာပင်မြို့နယ် ဒုန်းတောကျေးရွာက ၁၁ ဦးနှင့် ကရင်နီ ပြည်နယ် ၊ ဖရူဆိုမြို့နယ် ၊မိုဆိုကျေးရွာ အနီးတွင် အရပ်သား ၃၅ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် ကလေးသူငယ်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် နိုင်ငံတကာ အန်ဂျီအို ဝန်ထမ်းများ ပါဝင်သည်ဟု ဆိုထားသည်။

အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို ထပ်တလဲလဲ ကျူးလွန်နေသော စစ်ကောင်စီအား အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပေးရန် NUCCက ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရကို တောင်းဆိုထားသည်။

ယင်းအပြင် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထကို ရပ်တန့်စေရန် စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးအသီးသီးတွင် ထိရောက်စွာ အပြစ်ပေး အရေးယူရန်နှင့် စစ်ဘေးဒုက္ခသည်များအား ထိရောက် လျင်မြန်သည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပံ့ပိုးပေးရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို NUCC က တိုက်တွန်းတောင်းဆိုထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရသော ငြိမ်းချမ်းရေး မြို့တော် လေးကေ့ကော် ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် အရင်အမျိုးသား အစည်းအရုံး (KNU) က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ (UN) ကို တောင်းဆိုခဲ့သော်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၁၀ မိနစ် ၃၀ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly