နွားထိုးကြီးမြို့နယ်တွင် NLD ထောက်ခံအားပေးသူများ၏ နေအိမ် ၁၀ လုံး ချိပ်ပိတ်ခံရပြီး နေအိမ် ၁လုံးမီးရှို့ခံရ

နွားထိုးကြီးမြို့နယ်တွင် NLD ထောက်ခံအားပေးသူများ၏ နေအိမ် ၁၀ လုံး ချိပ်ပိတ်ခံရပြီး နေအိမ် ၁လုံးမီးရှို့ခံရ

ဒီဇင်ဘာလ ၂၈ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ၊ ပန်းပင်တောကျေးရွာရှိ NLD ပါတီအမာခံ ထောက်ခံအားပေးသူ ဒေသခံများ၏ နေအိမ် ၁၀ လုံးကို အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါနေအိမ်များအား ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၇ နာရီ၀န်းကျင်တွင် အမည်စာရင်း အတိအကျဖြင့်လာရောက်ချိပ်ပိတ်ခဲ့ပြီး သာမန်ဒေသခံဖြစ်သူ ကိုတိုး၏ နေအိမ်ကိုလည်း PDF များနေထိုင်သည့်အိမ်ဟုဆိုကာ မီးရှိူ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ရွာထဲတွင် တစ်အိမ်တက် တစ်အိမ်ဆင်း၍နေအိမ် ၁၅ လုံးထက်မနည်းမှ  အိမ်တွင်းပစ္စည်း အပါအ၀င် တန်ဖိုးကြီးပစ္စည်းများကို ဖောက်ထွင်းကာ စစ်ကား ရှစ်စီးဖြင့် တစ်မနက်တည်း နှစ်ကျော့ပြန် သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

"မနက်က အင်အား ၈၀ လောက်နဲ့ လာတာ စာရင်းတွေကို ပြီးခဲ့တဲ့ သုံးလလောက်က သေသွားတဲ့ဒလန်၀င်းမြင့်က မသေခင် စာရင်းပေး တိုင်သွားတဲ့အိမ်တွေပါ ။ အခုမှ အဲ့ဒီစာရင်းနဲ့ သော့နဲ့ချိပ်ပိတ်တာ။ပြီးတော့အိမ်တွေထဲက ဆန်အိတ်၊ ဆီပုံး၊ ငါးခြောက်တွေ အပြင် ရွှေတွေ စုထားတဲ့ ပိုက်ဆံတွေပါ အကုန်သယ်သွားတာ။ ရွာထဲ သူတို့လာရင် ရှောင်ကြတော့ ဒီ‌နေ့တော့ တစ်ယောက်မှ မဖမ်းမိသွားဘူး"ဟု ၎င်းကပြောသည်။ 

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ထိုပန်းပင်တောရွာသို့ စစ်ကောင်စီတပ်က  ၀င်ရောက်စီးနင်းအကြမ်းဖက်နေသည်မှာ ငါးကြိမ်မြောက်ရှိပြီဖြစ်ပြီး မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း လူငယ် ခုနစ်ဦးကို PDF အဖွဲ့၀င်များဟုဆိုကာ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများကဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required