စစ်တပ်ကင်းစောင့်၍ ကျောင်းဖွင့်နေသည့် အရာတော်မြို့ အထက်တန်းကျောင်း မိုင်းခွဲခံရ

စစ်တပ်ကင်းစောင့်၍ ကျောင်းဖွင့်နေသည့် အရာတော်မြို့ အထက်တန်းကျောင်း မိုင်းခွဲခံရ

ဒီဇင်ဘာလ ၂၈ ရက်

စစ်ကောင်စီတပ် ကင်းစောင့်၍ ကျောင်းဖွင့်နေသော အရာတော်မြို့ အထက်တန်းကျောင်းကို ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးခွဲကာ သတိပေးလိုက်ကြောင်း Ayadaw Bone Naing PDF - A.B.N PDF အဖွဲ့  ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကျောင်းရှေ့၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ငါးဦးခန့်ကို  ချိန်ရွယ်ကာ မိုင်းခွဲ တိုက်ခိုက်ခြင်းဖြစ်သည်။ 

ကျောင်းအတွင်း ရှိသည်မှာ စစ်တပ် ထောက်ခံသူတို့၏ သားသမီးများနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး မပြုလုပ်သော (Non CDM) ဆရာမများ ဖြစ်သော်လည်း အရပ်သား ပစ်မှတ်များဖြစ်သည့်အတွက် မထိခိုက်စေရန် စီစဉ်ပြီးမှ သတိပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း Ayadaw Bone Naing PDF - A.B.N PDF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

“စစ်ကောင်စီ တပ်သားတွေက စစ်ကား အကြီးနှစ်စီးနဲ့ ကျောင်းသားတွေကို လိုက်ပို့တယ်။ ကျောင်းတက်တဲ့ သူတွေအများစုကတော့ စစ်သား သားသမီးတွေနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ သားသမီးတွေပဲ။ ၂၅ ရာခိုင်နှုန်းလောက်ပဲ တက်ကြပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေ ဖြစ်တဲ့အတွက် သူတို့ကို မထိခိုက်အောင် ကျွန်တော်တို့ စီစဉ်ပြီး ဖောက်ခွဲလိုက်တာပါ “ဟု ၎င်းက ပြောသည်။ 

မိုင်းနှစ်လုံး ဖောက်ခွဲပြီးချိန်တွင် ကင်းစောင့်နေသည့် စစ်သားများမှ  သေနတ် ခြောက်ချက်ခန့် ရမ်းသန်းပစ်ခတ်ခဲ့သည် ဆိုသည်။ စစ်ကောင်စီတပ်သားများ၏   ထိခိုက်နိုင်မှု အခြေအနေကိုမူ လက်ရှိတွင် မသိရသေးပေ။ 

“အခြားဒေသတွေမှာ ကလေးငယ်တွေ နေရပ်စွန့်ရွာပြီး ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတယ်။ ပြေးလွှားနေရတယ်။ ဒါကို ကိုယ်ချင်းစာနာမှု မရှိဘဲ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေ ကလေးတွေ သတိထားမိအောင် ကိုယ်ချင်းစာတတ်လာအောင် သတိပေးတဲ့ပုံစံမျိုးပါပဲ “ ဟု ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ယခုစစ်ဆင်ရေးကို Ayadaw Bone Naing PDF - A.B.N PDF အဖွဲ့က ဦးဆောင်၍ သပြေညို ပြောက်ကျား တပ်ဖွဲ့ ၊ Ayadaw Falcon Froce (AF2)၊ Knight of The Red Land (KORL)တပ်ဖွဲ့ ၊တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE) ၊Guerilla Commendo-Myinmu (PGC)၊ M.R.T.F တပ်ဖွဲ့၊ The Guys of Burma Revolution Force (GBRF) တို့  တော်လှန်ရေးညီနောင် ရှစ် ဖွဲ့ နှင့် ပတ္တမြားညီနောင် အဖွဲ့တို့  ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required