ရေဦးမြို့နယ်ရှိ ရွာများကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး 

ရေဦးမြို့နယ်ရှိ ရွာများကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး 

ဒီဇင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒီဇင်ဘာလ ၂၀ ရက် နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ရွာသားများအား ဖမ်းဆီးခြင်း၊ လူနေအိမ်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ 

ယနေ့  ဒီဇင်ဘာလ ၂၇ ရက်တွင် ရွာငယ်ရွာရှိ အိမ်သုံးလုံးကို ဖျက်ဆီးခဲ့သည့်အပြင် ဒီဇင်ဘာလ ၂၅ရက်ကလည်း ခင်ပင်ရွာက အိမ်သုံးလုံးကို ဖျက်ဆီးခဲ့သည်။ 

"ဒီနေ့က ရွာငယ်ရွာကိုဝင်ဖျက်ဆီးတယ်။ အိမ်သုံးလုံးကိုလည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ရွာထဲကကြက်တွေကိုလည်း ဖမ်းပြီး ချက်စားနေကြတယ်လို့ မြင်တဲ့ လူတွေက ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၂၅ ရက်ကလည်း ခင်ပင်ရွာသားအချို့ကို စစ်ကောင်စီက ပေါ်တာဆွဲသည့် အနေဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။ 

"သူတို့က ရွာသား ကိုးယောက်ကို အရင်ဖမ်းတယ်။ သူတို့ကို ရှေ့ကနေသွားခိုင်းတယ်။ သူတို့လိုတာတွေကို လုပ်ခိုင်းတယ်" ဟု ဒေသခံက ပြောသည်။ 

ထိုရွာသားများကို နှိပ်စက်ခြင်းမရှိဘဲ ခိုင်းပြီးနောက် ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ 

"သုံးအိမ်ကတော့ လုံးဝ နေလို့မရအောင် ဖျက်ဆီးသွားတာ၊ တစ်အိမ်ကိုတော့ မီးတင်ရှို့သွားတယ်။ ကျန်တဲ့အိမ်တွေကိုလည်း အကုန်ဝင်မွှေတယ်။ မှန်တွေလည်း ရိုက်ခွဲသွားတယ်။ ပစ္စည်းတွေတော့ မယူသွားဘူး။ အကုန်ဖျက်ဆီးသွားတာ၊ တော်တော်ကို ယုတ်မာတာပါ "ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်က ခင်ပင်ရွာသို့ ဒီဇင်ဘာလ  ၂၅ ရက် နှင့် ၂၆ ရက် နှစ်ရက်ဆက်တိုက် ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်သဖြင့် ဒေသခံဦး‌ေရ ၁,၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်‌ေနရသည်ဟု သိရသည်။ 

ရွာငယ်ရွာသည် ခင်ပင်ရွာနှင့် နှစ်မိုင်ခန့်ဝေးပြီး ရေဦးမြို့နှင့် မိုင်၄၀ခန့်ဝေးကြောင်း သိရသည်။ ခင်ပင်ရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။ 

ဒီဇင်ဘာလ ၂၀ ရက် နှင့် ၂၁ ရက်ကလည်း ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရေမြက်ရွာသို့ စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့် လာရောက်ပြီး ရွာသား ၁၁ ဦးကို သတ်ဖြတ်ခြင်း၊ ဆိုင်ကယ် အစီး ၃၀၊ ကား သုံးစီး နှင့် အိမ်ခြေ ၄၀ ကျော်ကို မီးရှို့ခြင်းများပြုလုပ်ခဲ့သေးသည်။ 

ရေမြက်ရွာ နှင့် အနီးရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံ ဦးရေ ၆,၀၀၀ ခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly