အိန္ဒိယ ဆရီနာဂါမြို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ စီးနင်းပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သွေးကြွတပ်မှူး သေဆုံး

By Indiablooms
27 December 2021
အိန္ဒိယ ဆရီနာဂါမြို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ စီးနင်းပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သွေးကြွတပ်မှူး သေဆုံး

အိန္ဒိယ ထိန်းချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ ဆရီနာဂါမြို့၏ မြို့စွန်အရပ်တွင် ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းက လုံခြုံရေးတပ်ဖွဲ့များ၏ စီးနင်းပစ်ခတ်မှုတစ်ခုအတွင်း ပါကစ္စတန် ထိပ်တန်းစစ်သွေးကြွတပ်မှူးတစ်ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ သေဆုံးသွားသည့် ပါကစ္စတန် စစ်သွေးကြွ တပ်မှူးသည် မကြာသေးခင်က ကက်ရှ်မီးယား မြောက်ပိုင်းတွင် ရဲများကို သတ်ဖြတ်ခဲ့မှုများတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်ဟု သိရသည်။

အလားတူ ယင်းနေ့ ညနေပိုင်းတွင် သီးခြားဖြစ်ပွားသည့် ဖြစ်စဥ်တစ်ခုတွင် ကက်ရှ်မီးယား တောင်ပိုင်း ပူလ်ဝါမာခရိုင်၌ စစ်သွေးကြွတိုက်ခိုက်မှုတစ်ခုအတွင်း ရဲတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယရဲများက ပြောသည်။

ဆရီနာဂါ၏ သီးဒ် ဟာဝမ် ဧရိယာတွင် ယင်းနေ့မနက်ပိုင်းက သေဆုံးသွားခဲ့သည့် ပါကစ္စတန် စစ်သွေးကြွ၏ အမည်မှာ ဆိုင်ဖူလာ ဖြစ်ပြီး ၎င်းတွင် အဘူ ခါလစ် သို့မဟုတ် ရှာဝက်ဇ် ဆိုသည့် နာမည်ပွားများလည်း ရှိကြောင်း သိရကာ ၎င်းသည် ပါကစ္စတန်နိုင်ငံ ကရာချိဒေသခံတစ်ဦးလည်း ဖြစ်သည်။

ဆရီနာဂါ၏ သီးဒ် ဟာဝမ် ဧရိယာတွင် ၎င်း ရှိနေသည်ဆိုပြီး ဆရီနာဂါ ရဲတပ်ဖွဲ့က အထူးသတင်း ရခဲ့ပြီးနောက် ပူးပေါင်း စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်။

"ရှာဖွေမှု စစ်ဆင်ရေးအတွင်းမှာ ပိတ်မိပြီးထွက်ပြေးမရဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်သမား ရှိနေတယ်ဆိုတာကို သိရပြီးနောက် သူ့ကို လက်နက်ချ အညံ့ခံဖို့ အရင် ကမ်းလှမ်းခဲ့ပါတယ်၊ ဒါပေမယ့် သူက လက်မခံဘဲ တရစပ် ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အဲဒီမှာ သူ သေဆုံးသွားခဲ့တာပါ" ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရဲမှတ်တမ်းများအရ ဆိုင်ဖူလာသည် အတန်းအစားခွဲကာ သတ်မှတ်ခံထားရသည့် စစ်သွေးကြွတစ်ဦးဖြစ်သလို Lashker-e-Taiba (LeT) အဖွဲ့နှင့် ဆက်နွယ်ပတ်သက်သူဖြစ်ကြောင်း သိရသည်။

"သူက ၂၀၁၆ ခုနှစ်က ဘန်ဒီပိုရာ နယ်မြေကနေတဆင့် ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်၊ အဲဒီနောက်မှာ ပူလ်ဝါမာ၊ ဆရီနာဂါ ၊ ဂန်ဒါဘဲလ် နဲ့ ဘက်ဒ်ဂမ် ခရိုင်တို့မှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ပါကစ္စတန်အခြေပြု LeT အဖွဲ့ တပ်မှူးတွေရဲ့ ညွှန်ကြားချက်တွေနဲ့အတူ သူက ဆရီနာဂါ ခရိုင်ထဲ ခိုးဝင်ခဲ့တာပါ၊ ဆိုင်ဖူလာက ဆရီနာဂါ ခရိုင်မှာ တားမြစ်ပိတ်ပင်ခံ LeT အဖွဲ့ရဲ့ အုပ်စု တပ်မှူးတစ်ဦးအနေနဲ့ လှုပ်ရှားခဲ့ပါတယ်၊ နောက်ပြီး သူက ဆရီနာဂါ ၊ ပူလ်ဝါမာ နဲ့ အဲဒီရဲ့ အစွန်အဖျား ဧရိယာတွေရဲ့ မြေမျက်နှာသွင်ပြင်ကိုလည်း အကျွမ်းတဝင် ရှိပါတယ်" ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"သူနဲ့ သူ့အဖွဲ့သားတွေက ၂၀၁၇ ဧပြီ ၁ ရက်မှာ ဆရီနာဂါရဲ့ ဘမ်မီနာ လမ်းလွှဲမှာ စစ်ယာဥ်တန်းတစ်ခုကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်၊ အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ် တပ်သားသုံးဦး ဒဏ်ရာတွေ ရခဲ့ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် ဆိုင်ဖူလာသည် ဆရီနာဂါ၏ လာဝေးပိုရာအရပ်တွင် ၎င်း၏ အဖွဲ့သားများ လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုတစ်ခုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အေကေ-၄၇ ရိုင်ဖက်တစ်လက် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly