အိန္ဒိယ နယူးဒေလီမြို့ရောက် မြန်မာများက ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၄) နှစ်ပြည့် ဆွမ်းကြွေး အလှူဒါန ပြုလုပ်

အိန္ဒိယ နယူးဒေလီမြို့ရောက် မြန်မာများက ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၄) နှစ်ပြည့် ဆွမ်းကြွေး အလှူဒါန ပြုလုပ်

ဒီဇင်ဘာလ ၂၇ ရက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ  မြန်မာနိုင်ငံသားများက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၄ ) နှစ်မြောက် ဆွမ်းကြွေးအလှူ ဒါနကို ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည်။ 

“နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖမ်းဆီး ခံနေရတော့ သူ့အနေနဲ့ သူ့မိခင်အတွက် အမျှတန်းဝေ ကုသိုလ်ကောင်းမှုများ မလုပ်နိုင်တဲ့အတွက် သူ့ကိုယ်စား ကျွန်တော်တို့ နယူးဒေလီရောက် မြန်မာပြည်သားများက ပြုလုပ်ခဲ့ကြတာပါ” ဟု NLD (OC) International Network (India) မှ ဦးဘသန်း က ပြောသည်။

အလှူ အခမ်းအနားကို နှစ်ပိုင်းခွဲ ကျင်းပခဲ့ကြပြီး ပထမပိုင်းတွင် ဒေါ်ခင်ကြည် အပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် အသက်စွန့်သွားသည့် အာဇာနည် သူရဲကောင်းများအတွက် သာဓုခေါ်ဆိုနိုင်ရန် သံဃာတော်များက အမျှ ပေးဝေခဲ့သည်။

ဒုတိယပိုင်းတွင် အာဇာနည် သူရဲကောင်းများအတွက် ငြိမ်သက် အလေးပြုခြင်း ၊ ခရစ်ယာန် သင်းအုပ် သိက္ခာတော်ရ ဆရာတော် တီ ကေ လျံ (T . K . Lain ) က ဒေါ်ခင်ကြည်နှင့်တကွ ကျဆုံးသွားသော သူရဲကောင်းများနှင့်အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာ ပို့သပေးသည်။

ထို့ပြင် ရှစ်လေးလုံးကျောင်းတိုက် ဆရာတော် ဉီးအဂ္ဂကလည်း  ခေတ်အဆက်ဆက် မတရားမှုအား တော်လှန်ခဲ့သည့် သမိုင်းဝင် တိုက်ပွဲပေါင်းများစွာ ပေါ်ပေါက်ခဲ့ကြောင်းနှင့် ယခုနွေဦး တော်လှန်ရေးတွင် မိမိတို့ မည့်သည့် အခန်းကဏ္ဍမှ ပါဝင်ကြမည်ကို စဉ်းစားကာ ပူးပေါင်း ဆောင်ရွက်ကြစေလို့ကြောင်း ပြောသည်။

NLD (OC) International Network (India) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးသည့် လုပ်ငန်းများအား မြန်မာနိုင်ငံသားများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူ ဦးဘသန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required