ပုလဲမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ပုလဲမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင် ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာယာကုန်းရွာအနောက်ဘက်တွင် ခြေလျင်သွားနေသော စစ်ကောင်စီတပ်သား အယောက် ၁၂၀ ခန့်ကို ဒီဇင်ဘာလ ၂၆ရက် နံနက် ၈ နာရီခန့်တွင် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

"ဒီကောင်တွေက ရွာတွေကို လိုက်ပတ်နေတာ၊ နယ်မြေရှင်းလင်းရေးလုပ်နေတာပေါ့။ သာယာကုန်းရွာအနောက်ဘက်နား မရောက်ခင် ကျွန်တော်တို့က ပဒေသာမိုင်းရယ်၊ အဝေးထိန်းမိုင်းရယ်၊ တိုက်မိုင်း(ကြိုးတန်းမိုင်း ကြိုးထိလျှင်ပေါက်ကွဲ)တွေရယ် အလုံး၂၀ထောင်ထားတယ်။ ထိထိမိမိ ထိသွားတာတော့ သုံးကောင်သေတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်"ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) အဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး တချို့တစ်ဝက်မှာ ကန့်ဒေါင့်စခန်းအတွင်းသို့ ပြန်ဝင်သွားကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီက ပုလဲမြို့နယ်နှင့် ကျောမြို့နယ်တို့တွင် အင်အားအများအပြားချထားပြီး နယ်မြေရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ဆောင်မှုကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ခွဲ(၆) ဗိုလ်ထူးကြီး အဖွဲ့ ၊ Pale People's Defense Force-Headquarters နှင့် ဗိုလ်ကျားလေး အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ကျွဲတွင်းရွာအနီးတွင် စစ်ကောင်စီ၏ ဆီဘောက်ဆာကားနှင့်အတူ ရဲတစ်ဦး လိုက်ပါလာ၍ မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ရာ ထိုရဲတပ်သားသေဆုံးသွား‌ေကြာင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required