ထွေအုပ် ဝန်ထမ်းကို KDF က ဖမ်းဆီးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံ

ထွေအုပ် ဝန်ထမ်းကို KDF က ဖမ်းဆီးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံ

ဒီဇင်ဘာလ ၂၆ ရက်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန Non- CDM ဝန်ထမ်းကို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) က ဖမ်းဆီးပြီး ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ထံ လွှဲပြောင်း အပ်နှံခဲ့ကြောင်း KDF က ယနေ့ ဒီဇင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီကို အားပေးထောက်ခံပြီး  CDM တွင် ပါဝင်ခြင်းမရှိသည့် ထွေအုပ်ဌာနမှ အသက် ၄၇ နှစ်အရွယ် ဦးအောင်မိုးကို ဒီဇင်ဘာလ ၂၅ ရက် ည ၈ နာရီတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း KDF  ကဆိုသည်။

ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများကို နားလည်ထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာလျက်ရှိကြောင်း၊ ပြည်သူလူထုများကို ကာကွယ်ရန် အခြားသော မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်သည်အထိ ဆက်လက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း KDF ထုတ်ပြန်သည်။

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကို ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် CDM ရဲဝန်ထမ်း‌ ၃၂၀ ဖြင့် ပြီးခဲ့သည့် ဩဂုတ်လက ဖွဲ့စည်းခဲ့သည်။ 

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့သည် ပြည်သူထူထု၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးအတွက် အမှန်တကယ် စောင့်ရှောက်မည့် စံပြပြည်သူ့ရဲများအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး တော်လှန်ရေး ကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်အရ လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required