စစ်ကောင်စီတပ်က နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်ဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်က နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်ဟု KNDF ထုတ်ပြန်
ပုံစာ- ကရင်နီပြည်နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (BNI-ပုံဟောင်း)

ဒီဇင်ဘာလ ၂၄ ရက်

ဖရူဆိုမြို့နယ်တွင် ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ အသွင်ပြောင်းထားသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကို စစ်တပ်မှ ပြန်လည် သတ်ဖြတ်ခဲ့ကြောင်း KNDF က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်သို့ စစ်ကောင်စီ တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ကရင်နီ ပူးပေါင်းတပ်များမှ နံနက် ၁၁ နာရီခွဲမှ ညနေ ၄ နာရီဝန်းကျင်အထိ ခုခံစစ်ဆင်နွဲခဲ့ရကြောင်း ဆိုသည်။

ထို့နောက် တိုက်ပွဲဖြစ်ရာအနီးရှိ မိုဆိုကျေးရွာတစ်ဝိုက်မှ ကလေးငယ်နှင့် အမျိုးသမီးများ အပါဝင် ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“အသတ်ခံရတဲ့ နယ်ခြားစောင့်တပ်က ရဲဘော်တွေက ဒီနေ့စစ်ကောင်စီက ဖမ်းလာတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ သွားပြီး အာမခံဖို့၊ ဒါမှမဟုတ်လည်း တစ်ခုခု လုပ်ပေးနိုင်အောင် သွားစီစဉ်တာမျိုး ကျွန်တော်ကြားရတယ်။ နောက်တစ်ခုက စစ်ကောင်စီက သူတို့(နယ်ခြားစောင့်)စခန်းထိဝင်ပြီး လက်ပြန်ကြိုးတုပ်ပြီး သတ်လိုက်တာပဲ” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များမှ  မိုဆိုကျေးရွာအနီး တောင်ပေါ်တစ်နေရာတွင် ကင်းစခန်းချထားသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် လေးဦးကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ကြိုးတုပ်ကာ ဦးခေါင်းများကိုပစ်ခွဲ သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်များမှ ကား ခြောက်စီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် ငါး စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF မှထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘာဒိုကျေးရွာနေ ပြည်သူ နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ရသည်။

ယနေ့တိုက်ပွဲအတွင်း နှစ်ဖက် အထိခိုက်ကျဆုံးမှုများ အတိအကျ မသိရသေးကြောင်း KNDF က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required