ပုလဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသာ ကျဆုံးဟု ဒေသခံ ပြောက်ကျားအဖွဲ့ပြော

ပုလဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသာ ကျဆုံးဟု ဒေသခံ ပြောက်ကျားအဖွဲ့ပြော
ဓာတ်ပုံ။ ။ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့။

ဒီဇင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာနှင့် ဖိုကုန်းကျေးရွာကြားတွင် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်အား ဒေသခံ ပူပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား လေးဦးသာ ကျဆုံးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပုလဲမြို့နယ် ပန်းရွာမြောက်ဘက် တောရကျောင်း တစ်ခုတွင် ညအိပ်တပ်စွဲရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။ 

ထိုတိုက်ပွဲအား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စစ်ကောင်စီဘက်မှ ၂၂ ဦး ကျဆုံးကြောင်း ရေးသားမှုများကို တွေ့ရပြီး အမှန်တကယ် ကျဆုံးသည်မှာ စစ်ကောင်စီတပ်သား လေးဦးသာဖြစ်ကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ပေ ကပြောသည်။ 

“အချို့သတင်းတွေမှာ ကျွန်တော်တို့ ဖတ်လိုက်ရတယ် ၂၂ ယောက်ကျတယ်တို့ ၂၃ ယောက်ကျတယ် ဆိုတာမျိုးတွေ ဒါတွေက အမှန်မဟုတ်ဘူး၊ ကျွန်တော်တို့ကတော့ မြေပြင်က သတင်းအမှန်တွေကိုပဲ တင်စေချင်တယ်၊ ခုကျတော့ အခြားသူတွေက မဟုတ်ပဲနဲ့ လျှောက်တင်နေတာ ဆိုတဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ ပြန်ကြားရတယ်။ ကြာရင် ယုံကြည်မှုတွေ လျော့မှာဆိုးတယ်။ ဒါကြောင့်မြေပြင်က သတင်းမှန်တွေကိုပဲ တင်စေချင်တယ် “ဟု ရဲဘော်ပေက ပြောသည်။ 

“တိုက်ပွဲဖြစ်တာက မနက် ၁၀ နာရီထိုးလောက်မှာ ဖြစ်တာပါ။ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြတယ်၊ ပြီးတော့ နောက်ကိုသူတို့ ဆုတ်ပြေးတယ် သိပ်မဝေးတဲ့ အခြားတစ်နေရာမှာ နောက်ထပ် အဖွဲ့တွေနဲ့ ထပ်ပစ်ကြတယ်၊ အဲ့ဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်သားတွေ အင်အားများတာကို သူတို့သိတော့ လေကြောင်းပစ်ကူခေါ်တယ်၊ လယ်ကွင်းတွေထဲမှာ မီးတွေရှို့ပြီး အချက်ပြတယ်” ဟု ရဲဘော်ပေက ဆိုသည်။ 

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်တစ်စင်း အသွားအပြန် သုံးကြိမ်ပျံဝဲကာ လေကြောင်းပစ်ခတ်မှု ပြုလုပ်သည် ဟုရဲဘော်ပေက ပြောသည်။ 

“ရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ရှစ်လုံးထုတယ်၊ စက်သေနတ်နဲ့တော့ တောက်လျှောက် ပစ်သွားတာပဲ” ဟု စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်သည့် အခြေအနေကို ရဲဘော်ပေက ရှင်းပြသည်။ 

“အဲ့ဒီတိုက်ပွဲမှာ သေတဲ့ စစ်သားတွေကို ဒီနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်း ၉ နာရီလောက်ကျတော့ စစ်သားအရေအတွက် ၁၀၀ လောက်နဲ့လာပြီး သုံးလောင်းကို အဲ့နေရာ (တိုက်ပွဲဖြစ်သည့်နေရာ) မှာ မီးရှို့သွားတယ်၊ တစ်လောင်းကိုတော့ ပြန်ထမ်းသွားတယ်လို့ ကျွန်တော်တို့ ကင်းထောက်တစ်ယောက်က သတင်းပို့တယ်၊

အဲ့ဒီအနီးအနားက ဒေသခံတွေကလည်း သတင်းလှမ်းပြောကြတယ်“ ဟု တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပုံကို ရဲဘော်ပေက ပြောသည်။ 

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။ 

ပုံစာ။ ။ ဒီဇင်ဘာလ ၂၃ ရက် ကံပေါက်နှင့် ဖိုကုန်းကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကျန်ခဲ့သည့် ၄၀ မမ ကျည်။ 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required