စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသည့် ကာဒီနယ်ချားစ်ဘို ကို ရှုတ်ချကြောင်း ကက်သလစ်ကွန်ရက်အဖွဲ့ ထုတ်ပြန်

စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသည့် ကာဒီနယ်ချားစ်ဘို ကို ရှုတ်ချကြောင်း ကက်သလစ်ကွန်ရက်အဖွဲ့ ထုတ်ပြန်

ဒီဇင်ဘာ ၂၄

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံ တွေ့ဆုံခဲ့သည့် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို ကို ပြင်းထန်စွာ ရှုတ်ချကြောင်း Independent Catholics For Justice In Myanmar (ICJM) ကက်သလစ် ကွန်ရက်အဖွဲ့ က သဘောထား ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ကာဒီနယ်ချားစ်ဘိုတို့ တွေ့ဆုံကြောင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းဌာနက ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင် ရုပ်သံ ထုတ်လွှင့်ခဲ့မှု အပြီး ICJM က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ တွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များ အားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့် အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုပါ။ အကြမ်းဖက် စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များဖြင့် ဖြစ်စေ အသိအမှတ် ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းကိုမဆို ICJM က ပြင်းထန်စွာ ရှုတ်ချပါသည်” ဟု ICJM သဘောထား ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းကဲ့သို့ တွေ့ဆုံမှုသည် အကြမ်းဖက် အာဏာသိမ်းချိန် ကာလမှ စ၍ ယခု အချိန်အထိ မတရား သတ်ဖြတ် ဖမ်းဆီးခံခဲ့ရသူများနှင့် ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုများကို မျက်နှာလွှဲကာ စော်ကားခြင်း ဖြစ်သည်ဟု သတ်မှတ်ကြောင်းကိုလည်း ဖော်ပြထားသည်။

ICJM သည် တရားမျှတမှု အတွက် ရပ်တည်သော အဖွဲ့အစည်း ဖြစ်သည့် အ‌လျောက် မတရားမှုကို ကျူးလွန်နေသော သူများနှင့် ပူးပေါင်းနေသူများအား ခြွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှု အတွက် တော်လှန် တိုက်ပွဲဝင်နေကြသော သူများနှင့်အတူ အမြဲရပ်တည်သွားမည် ဟု ထပ်မံ ရေးသားထားသည်။

ရန်ကုန်တိုင်း ၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ စိန့်မေရီ ဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာလ ၂၃ ရက်က ပြုလုပ်သည့် ခရစ်စမတ်နေ့ စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားကို အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်ပြီး ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required