ချောင်းခွနှင့် နတ်ချောင်းရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ ဟုဆို

ချောင်းခွနှင့် နတ်ချောင်းရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ ဟုဆို

ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချောင်းခွကျေးရွာနှင့် နတ်ချောင်းကျေးရွာများ အနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များဖြစ်သည့် CNDF (ကလေးတပ်မဟာ)၊ PDF (Kalay) ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ''မိမိတို့ CNDF (ကလေးတပ်မဟာ)နှင့် PDF (Kalay) ပူးပေါင်းတပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ပြီး၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စကစ (စစ်ကောင်စီ) တပ်ဘက်မှ ၃၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။ စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်လာခဲ့သည်။ သို့သော် မိမိတို့ CNDF ဘက်မှ အသေးစား ဒဏ်ရာရရှိသူ တစ်ဦးသာရှိခဲ့ပြီး ဘေးကင်းစွာ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပါသည်'' ဟုပါရှိသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ခေတ္တရပ်နား နေသော်လည်း တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွါးနိုင် သဖြင့် တိုက်ပွဲ အနီးအနားရှိ ပြည်သူများအနေဖြင့် အသွားအလာ သတိထားကြပါရန် အသိပေးအပ်ပါသည်ဟု ချင်းအမျိုးသား အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် သတိပေး ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required