လေးကေ့ကော် လေကြောင်းတိုက်ခိုက်ခံရမှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူမရှိဟု KNU ပြော

လေးကေ့ကော် လေကြောင်းတိုက်ခိုက်ခံရမှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူမရှိဟု KNU ပြော

ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ၊ လေးကေ့ကော်မြို့သစ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက် ကျဆုံးသူမရှိကြောင်း လေးကေ့ကော်မြို့သစ် တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို အတည်ပြုပြောသည်။

ယမန်နေ့ ညအချိန်တွင် စစ်ကောင်စီက လေးကေ့ကော်ဒေသကို တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အပြင် စစ်ကောင်စီ အမြောက်ကုန်းကလည်း မယ်ထော်တလေးနှင့် အင်ကြင်းမြိုင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အချက် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“လေကြောင်းက လာတယ်။ လာပြီးတော့ လေး၊ငါးပတ်လောက် ပတ်သွားပြီးတော့ နောက်ဆုံးမှ ကြဲသွားတာပေါ့။ နှစ်လုံးကျသွားတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပါဘူး။ အဓိကတော့ တောင်ကုန်းတွေကို ကြဲချသွားတာပေါ့” ဟု လေးကေ့ကော်မြို့သစ် တာဝန်ရှိသူက ပြောသည်။

လေးကေ့ကော်ဒေသတွင် ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက် လက်နက်ကြီးများဖြင့် တောက် လျှောက်ပစ်ခတ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ ညအချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလူး၊ မင်းလက်ပံနှင့် အင်ကြင်းမြိုင်ဘက်က ဒေသခံ ဦးရေ ၁‚၀၀၀ ဝန်းကျင်ခန့် ညတွင်းချင်း သောင်းရင်းမြစ်ကို ကူးဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“တိုက်ပွဲအခြေအနေကတော့ ဒီထက်ဆိုးလာနိုင်တယ်။ သူတို့ဘက်က လေကြောင်းပစ်ကူလာပြီဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း အဆင်သင့်ပဲ။ ဘာမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ လေကြောင်းကို ပြန်ပြီး ဖြိုခွင်းဖို့အတွက် လုပ်နေတယ်” ဟု လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။

ငြိမ်းချမ်းရေးမြို့တော်ဟု တင်စားသော လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်ကစတင်ကာ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၁၀ ရက်နီးပါး ကြာမြင့်လာပြီဖြစ်သည်။

ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမှုဇုန် အဖြစ် အရေးပေါ်သတ်မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို ကရင်အမျိုးသားအစည်းအရုံး( KNU) က ဒီဇင်ဘာလ ၂၀ ရက် နှင့် ယမန်နေ့တွင် တောင်းဆိုထားသည်။

လေးကေ့ကော်တိုက်ပွဲကြောင့် မြန်မာစစ်ဘေးဒုက္ခသည် ဦးရေ ၁၀‚၀၀၀ ကျော်အထိ ရှိလာနေပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့အနီးရှိ မယ်သောင်ကန်ကျေးရွာနှင့် မဲ့ကုတ်ကင်းကျေးရွာတို့တွင် ယာယီစစ်ဘေးရှောင်စခန်း နှစ်ခုဖွင့်လှစ်ကာ စစ်ဘေးဒုက္ခသည်များ ယာယီခိုလှုံနေကြရပြီး အနွေးထည်နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required