ပုလဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ပိတ်မိနေစဉ်ရဟတ်ယာဉ်ဖြင့် တပ်လာကူကာ ကယ်ထုတ်သွား

ပုလဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ပိတ်မိနေစဉ်ရဟတ်ယာဉ်ဖြင့် တပ်လာကူကာ ကယ်ထုတ်သွား

ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ပိတ်မိနေစဉ် စစ်ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး အကာအကွယ်ပေး ကယ်ထုတ်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုလဲမြို့နယ် မန်ကျဥ်းခွကျေးရွာ ၊ ကံပေါက်ကျေးရွာ နှင့် ညောင်ကုန်း ကျေးရွာများ အနီး၌ ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၈ နာရီတွင် စစ်တပ်နှင့် ဒေသ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီအကျော်တွင် စစ်ရဟတ်ယာဉ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီ တပ်သားတွေ ပိတ်မိနေတော့ မုံရွာကနေ စစ်ရဟတ်ယာဉ် တစ်စီး အသုံးပြုပြီး ဗုံးလို့ ယူဆရတဲ့ အရာမျိုး အသုံးပြုတယ်။ ပစ်လည်းပစ်တယ်။ ကျေးရွာတွေကို လေးပတ် ပတ်ပြီး ပစ်တာ။ မိနစ် ၂၀ လောက် ကြာတယ် ။ ရွာထဲနဲ့ ဒီဘက်ကလူတွေ ရှိမယ့်နေရာတွေကို ပစ်သွားကြတာ။ နံနက် ၁၁ နာရီခွဲလောက်က ပစ်တာပါ “ ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုလဲနယ် ကန့်ထောင့်ကျေးရွာ၌ တပ်စွဲထားသည့် အင်အား ၃၂ ဦးပါ စစ်ကောင်စီတပ်သည် နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်ကြောင်း ချီတတ်လာခဲ့ပြီး ယခု တိုက်ပွဲ ဖြစ်ပွားရာ နေရာများ ဖြစ်သော ကံပေါက်ကျေးရွာနှင့် မန်ကျဉ်းခွ ကျေးရွာသို့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ သူတို့ဘက်က ဒဏ်ရာရတာ သေဆုံးတာတွေ ရှိတယ်။ သူတို့ဘက်က အင်အားမမျှတာနဲ့ ခဲယမ်း မီးကျောက် နည်းလာလို့လား မသိဘူး။ ကျွန်‌ေတာ်တို့ မုံရွာကနေ စစ်ရဟတ် တတ်လာတာကို သတင်းရတော့ ရဲဘော်တွေကို ပြန်ဆုတ် ခိုင်းလိုက်တယ်။ ရဟတ်ယာဉ်ကျည် မမှန်ခဲ့ပါဘူး “ ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခဲ့မှုကြောင့် မန်ကျဉ်းခွ ၊ ကံပေါက် နှင့် ညောင်ကုန်း ကျေးရွာများရှိ ထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုမူ လက်ရှိ စုံစမ်းနေဆဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်ခံ မြို့နယ် မြေပြန့် ကာကွယ်ရေး တပ်ဖွဲ့ ၊ PRA တပ်ခွဲ (၅) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly