ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီ ထပ်တိုးတရားစွဲ

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီ ထပ်တိုးတရားစွဲ

ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအေးကျော်သန်းက မဇ္ဈိမကို ပြောသည်။

၎င်းတို့ နှစ်ဦးသည် လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံထားရပြီး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သော အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

“ဘယ်နေ့ကစစွဲထားတာလဲ မသိဘူး။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက တရားလိုလုပ်ပြီး စွဲတာတဲ့။ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စွဲတာလို့ပြောတယ်။ မနေ့က အဂတိမှုအတွက် ရုံးချိန်းရှိတော့ ဦးညီပုနဲ့ ဦးမင်းအောင်နဲ့ တွေ့ရတယ်။ အဲဒီမှာ သူတို့ကပြောတာ။ အဂတိမှု ရုံးချိန်းမတိုင်ခင် Video Conferencing နဲ့ ဒီလိုဒီလိုစွဲထားတဲ့အကြောင်း တရားရုံးက သူတို့ကို ပြောတယ်တဲ့။ ပြီးတော့ ရုံးချိန်းပေးလိုက်တယ်လို့ ပြောတယ်” ဟု ရှေ့နေက ပြောသည်။

၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) အမှုအတွက် လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ရုံးချိန်းခေါ်ထားပြီး ယင်းနေ့ရုံးချိန်းတွင် ရှေ့နေလွှဲစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) တွင် နိုင်ငံသားများ၏ အခွင့်အရေးနှင့် ဆက်စပ်ကာ အကြောင်းအရာများစွာကို ညွှန်းဆိုထားပြီး မည်သည့်အကြောင်းအရာပေါ် မူတည်ကာ တရားစွဲဆိုခြင်းကိုမူ မသိရှိရသေးကြောင်း ရှေ့နေက ပြောသည်။

ယင်းအပြင် အဂတိလိုက်စားမှု ပုဒ်မ ၅၅ ဖြင့် ဦးညီပုက အမှု သုံးခုနှင့် ဦးမင်းအောင်က အမှုတစ်ခုကို စစ်တွေအကျဉ်းထောင်တွင်း တရားရုံးတွင် တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ရုံးချိန်းတွင် တရားခံပြသက်သေ လေးဦးကို စစ်ဆေးခဲ့သည်။

အဂတိမှုအတွက် ရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်သို့ ချိန်းဆိုထားသည်။

ရခိုင်ဝန်ကြီးချုပ် ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ငြိမ်းစုစီပုဒ်မနှင့် ဘေးစီမံပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံထားရကာ လက်ရှိစစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required