၁ လတာ တိုက်ပွဲ ၁၅ ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ ခန့်သေဆုံးဟု ယင်းမာပင် PDF ပြော

၁ လတာ တိုက်ပွဲ ၁၅ ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ ခန့်သေဆုံးဟု ယင်းမာပင် PDF ပြော

ဒီဇင်ဘာလ ၂၂ ရက်

ဒီဇင်ဘာလထဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ခန့်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ဦးရေ ၆၀ ခန့်သေဆုံးသည်ဟု ယင်းမာပင် PDF ခေါင်းဆောင် ကိုစိုင်းက ပြောသည်။ 

ယနေ့ ဒီဇင်ဘာလ ၂၂ ရက် တွင်လည်း ယင်းမာပင်မြို့နယ် နုံးကြီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ခင်း ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ငါးမိုင်ခန့်အကွာ နုံးကြီးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ 

“စစ်သားတွေက ခြေလျင်စစ်ကြောင်းနဲ့ဖြန့်ပြီး နယ်မြေရှင်းလင်းရေးလာလုပ်ကြတာ ကျွန်တော်တို့ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ကြရင်း အပြန်အလှန်ပစ်ကြတာပါဟု ယင်းမာပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

အပြန်အလှန်ပစ်ခတ်ချိန် တစ်နာရီနီးပါးကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ထိုတိုက်ပွဲတွင် နှစ်ဖက်ကျဆုံးမှု အခြေအနေအား အတည်မပြုနိုင်သေးကြောင်း ယင်းမာပင် PDF ခေါင်းဆောင်ကပြောသည်။ 

ပစ်ခတ်မှုများ အပြီးတွင် စစ်ကောင်စီတပ်သားများ ယင်းမာပင်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ၎င်းကပြောသည်။ 

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။ ထိုသို့ထိုးစစ်ဆင်ချိန်တိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ယင်းမာပင်၊ ကနီ၊ ပုလဲနှင့် မုံရွာဘက်မှ ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်မှု ၊ ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ကာ တိုက်ခိုက်လျက်ရှိသည်။ 

"စစ်ကောင်စီတပ်တွေက စစ်ကြောင်းလာထိုးလိုက်၊ မြို့ပေါ်ပြန်တက်သွားပြီး အင်အားပြန်ဖြည့်လိုက်နဲ့ လုပ်နေတာ။ သူတို့စစ်ကြောင်းထိုးတိုင်းလည်း တိုက်ခိုက်ခံရတယ်။ ကျွန်တော်မှတ်ထားတဲ့ စာရင်းအရဆိုရင် သူတို့ဘက်ကကျဆုံးတာ စုစုပေါင်း အယောက် ၆၀ လောက်ရှိပြီ" ဟု ၎င်းကပြောသည်။ 

အင်အားတိုးလာကာ စစ်သင်တန်းများတိုးချဲ့ပေးနေရသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များတွင် စားနပ်ရိက္ခာနှင့် စစ်အသုံးအဆောင်များ လိုအပ်လျက်ရှိသည်။ 

"စားနပ်ရိက္ခာအတွက်တော့ ပြည်သူတွေက သူတို့ရှိတဲ့ ဆန်စပါးလေးတွေ ပဲလေးတွေကို လိုလိုချင်ချင်နဲ့ လာလှူကြတာမျိုးရှိတယ်။ ရဲဘော်တွေအတွက်လိုတဲ့ အခြားပစ္စည်းတွေအတွက်တော့ ကျွန်တော်တို့လည်း ငွေမရှိလို့ မဖြည့်ပေးနိုင်သေးပါဘူး။ လိုအပ်ချက်တွေတော့ အများကြီး ရှိနေပါသေးတယ်" ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ အခက်အခဲကို ကိုစိုင်းက ပြောပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required