ရှင်ကျန်းသွင်းကုန်များ တားမြစ်ရေး လွှတ်တော်နှစ်ရပ်ပူးပေါင်းတင်သွင်းသည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

22 December 2021
ရှင်ကျန်းသွင်းကုန်များ တားမြစ်ရေး လွှတ်တော်နှစ်ရပ်ပူးပေါင်းတင်သွင်းသည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

တရုတ်နိုင်ငံ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဓမ္မအလုပ်စေခိုင်းမှုဖြင့်ပြုလုပ်သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်သည့် ‘ဝီဂါအဓမ္မအလုပ်စေခိုင်းမှုဆိုင်ရာ ကာကွယ်ရေးဥပဒေ’ ၏ နောက်ဆုံးအဆင့်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

အဆိုပါဥပဒေအား ဒီဇင်ဘာ ၁၄ ရက်က အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး အထက်လွှတ်တော်သို့ စဉ်းစားဆုံးဖြတ်ရန် ပေးပို့ထားသည်။

ဥပဒေသည် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တိုက်ရိုက်တင်သွင်းသော သို့မဟုတ် တရုတ်နိုင်ငံရှိ ဝီဂါ၊ ကာဇက်၊ ကာဂျစ်၊ တိဗက်များနှင့် အခြားသော နှိပ်စက်ညှဉ်းပန်းခံနေရသောအုပ်စုဝင်များပြုလုပ်သည့် ကုန်ပစ္စည်းများ၊ ရောင်းကုန်ပစ္စည်းများ၊ အရာဝတ္ထုများနှင့် ကုန်စည်များကို ပစ်မှတ်ထားရန် ရည်ရွယ်သည်။

မွတ်စလင်လူနည်းစုများကို နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အတင်းအဓမ္မအလုပ်ခိုင်းခြင်းကို ကူညီဆောင်ရွက် ပေးရန် တာဝန်ရှိသော အရာရှိများအပေါ် အမေရိကန်သမ္မတအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်လည်း ၎င်းဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

ဥပဒေပြဌာန်းချက်အရ စီးပွားရေးလုပ်ငန်းများသည် ရှင်ကျန်းရှိ အလုပ်စခန်းဆိုသောနေရာများမှ အဓမ္မလုပ်အားကို အသုံးပြုခြင်း ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများ မပတ်သက်ကြောင်း သက်သေပြရန် လိုအပ်မည်ဖြစ်သည်။

တရုတ်သည် ဝီဂါ၊ ကာဇက်၊ ကာဂျစ်နှင့် အခြားသော မွတ်စလင် လူနည်းစု အုပ်စုဝင် ၁ ဒသမ ၈ သန်းထိကို ဥပဒေမဲ့ အစုလိုက်အကျဉ်းစခန်းများဖြင့် မတရား အကျဉ်းချထားကြောင်း အမေရိကန် ဥပဒေကြမ်းတွင် စွပ်စွဲထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အောက်လွှတ်တော်သည် ၎င်း၏ ဥပဒေကြမ်းကို ထောက်ခံမဲ ၄၂၈ ကန့်ကွက်မဲ ၁ မဲဖြင့် အတည်ပြုခဲ့ပြီး ဇူလိုင်လတွင် အထက်လွှတ်တော်က စီမံချက်မူကို နှုတ်ဖြင့် မဲပေး အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly