စစ်ကောင်စီတပ်က တင့်ကားများရွှေ့ပြောင်းနေသော ပုံအဟောင်းကိုအသုံးပြု၍ မြ၀တီမြို့တိုက်ပွဲနှင့်ချိတ်ဆက်ပြောဆိုသော သတင်းမှားပျံ့နေ

စစ်ကောင်စီတပ်က တင့်ကားများရွှေ့ပြောင်းနေသော ပုံအဟောင်းကိုအသုံးပြု၍ မြ၀တီမြို့တိုက်ပွဲနှင့်ချိတ်ဆက်ပြောဆိုသော သတင်းမှားပျံ့နေ

ဒီဇင်ဘာလ ၂၁ ရက်

စစ်ကောင်စီတပ်က တင့်ကားများရွှေ့ပြောင်းသယ်ဆောင်နေသည့်ဓာတ်ပုံဟောင်းများကိုအသုံးပြုကာ လတ်တလောဖြစ်ပွားနေသော မြ၀တီမြို့နယ် လေးကေ့ကော်နှင့်အနီးတဝိုက်တိုက်ပွဲများတွင်အသုံးပြုရန်ကဲ့သို့သော အဆိုပြုချက်ကြောင့် အထင်လွဲမှားစရာဖြစ်သည်။

David DT ဆိုသည့် ဖေ့ဘုတ်စ်အသုံးပြုသူတစ်ဦးမှ “မြဝတီမြို့ အချိန်နေမကောင်းဖူး”ဟုဆိုပြီး မြဝတီမြို့ထဲ တင့်ကားများ သယ်ဆောင်လာသည့်ကားများဓာတ်ပုံကို တင်ထားခဲ့တာတွေ့ရသည်။ အဲ့ဒီပိုစ့်ကို ပြန်လည်မျှဝေသူပေါင်း ၇၅၀ နီးပါး ရှိသည်။

မဇ္ဈိမအနေဖြင့် အဆိုပါ တင့်ကားသယ်ဆောင်လာသည့် ဓာတ်ပုံများကို စစ်ဆေးကြည့်ရာတွင် ဗီယက်နမ် မီဒီယာတစ်ခု၏ မြန်မာစစ်တပ်သည် ရုရှား ထံမှ T-80 တင့်ကားများ ဝယ်ယူထားကြောင်းဖော်ပြသည့် သတင်းတစ်ပုဒ်မှ ဓာတ်ပုံများဖြစ်သည်ကို တွေ့ရသည်။အဆိုပါ သတင်းဓာတ်ပုံကို ယခုနှစ် ဇွန်လ ၂၂ ရက်ကရေးသား ဖော်ပြခဲ့သည်ကို တွေ့ရသည်။အဆိုပါ သတင်းတွင် “ယခုရာစုနှစ်အတွင်း ရုရှားထုတ် အကောင်းဆုံး သံချပ်ကာကား T-90  မြန်မာအစိုးရမှ ဝယ်ယူထားပြီး ယခုအခါ မြန်မာစစ်တပ်လက်ဝယ်ရောက်ရှိလာပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်မှပြောကြားခဲ့သည်” ဟုဖော်ပြထားသည်။

လတ်တလော မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာ KNU နှင့် အာဏာသိမ်း မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေပြီး ​ဒေသခံထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ပါ စစ်ဘေးတိမ်းရှောင်နေကြရသည်။ 

အပြင်  စစ်ကောင်စီတပ်ကို တွန်းလှန်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ၏ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိပြန့်နှံ့နေသည့် သတင်းနှင့် ပတ်သက်၍ “ လက်နက်ကြီးတွေ ပါလာတာတော့ရှိတယ်၊ အဲ့ဒီလို ဖုံးအုပ်သွားတဲ့ပုံမျိူးတော့ သတင်းပေးပို့မှု မရရှိဖူးလို့” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly